နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်ပြီးစီးမှုအခြေအနေကို နစကဥက္ကဋ္ဌ လိုက်လံကြည့်ရှု

0
23

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်ပြီးစီးမှုများကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ သည် ပေါင်းလောင်းမြစ်ကူးတံတား(အဝေရာ) ပျဉ်းမနားဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းရေတိုက်စားခဲ့မှုကြောင့် ပျက်စီးမှုအား နှစ်လွှာတစ်ထပ် ယာယီ ဘေလီတံတားထိုး၍ ပြင်ဆင်ပြီးစီးသည့်အခြေအနေ၊ ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) သိုက်ချောင်းဘက်သို့ အသွားတံတား တံတားရေလယ်တိုင်(Pier)များ နိမ့်ကျခြင်းဖြစ်ပေါ်နေမှုကို ပြန်လည်ပြင်ဆင်သည့်အခြေအနေ၊ နဝင်းချောင်းတံတား(အဆုံ) ချဉ်းကပ်လမ်းကမ်းကပ်ခုံ ပျက်စီးမှုကို ယာယီဘေလီတံတားဖြင့် ဆောင်ရွက်ပြီးသည့် အခြေအနေများကို ကြည့်ရှုခဲ့သည်။

၎င်းက တံတားများကို ကြည့်ရှုစစ်ဆေးစဉ် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်ရန်တို့ကို မှာကြားသည်။

အလားတူ ပေါင်းလောင်း(အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး၌ ရေတိုက်စားခံရမှုကြောင့် မြောင်းတာဘောင် ကျိုးပေါက်ခဲ့သည့်နေရာများအား ပြန်လည် ပြင်ဆင်ပြီးစီးသည့်အခြေအနေကိုကြည့်ရှုစစ်ဆေးပြီး ရေနုတ်မြောင်းများ ရေဝင်ရေထွက်ကောင်းမွန်စေရေး ပြန်လည်တူးဖော်သွားရန်နှင့် နှစ်စဉ် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု မှာကြားသည်။

ထို့အပြင် ကင်းသာလမ်းခွဲအနီးရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၃၀၁ မှ ၃၀၅ အထိ တာဝါတိုင် ၅ တိုင် ပြိုလဲပျက်စီးခဲ့မှု နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၁၂ မှ ၁၅ အထိ တာဝါတိုင် ၄ တိုင်ပြိုလဲပျက်စီးမှုတို့ကို ပြန်လည်ပြုပြင်နေမှုကိုလည်း ကြည့်ရှုပြီး ဘေးကင်းစိတ်ချရမှုရှိစေရေး ဦးစားပေးရန် မှာကြားသည်ဟု သိရသည်။

ထို့အပြင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆင်သေ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ကျောက်ချက်)တို့သို့ ရောက်ရှိပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုခဲ့သည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးစဉ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများ၊ သန့်ရှင်းရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလည်း လိုက်ပါလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here