ပင်လယ်ပြင်အတွင်း (၁၆) ရက်ခန့် မျောပါနေသည့် မြန်မာနိုင်ငံသား လှေလုပ်သား (၃)ဦးကို ကယ်ဆယ်ခဲ့

0
32

ပင်လယ်ပြင်အတွင်း (၁၆) ရက်ခန့် မျောပါနေသည့် မြန်မာနိုင်ငံသား လှေလုပ်သား (၃)ဦးကို ဗီယက်နမ်နိုင်ငံ အလံတင်သင်္ဘောက တွေ့ရှိ၍ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဗီယက်နမ်နိုင်ငံ အလံတင် စားအုန်းဆီတင်သင်္ဘော M.T PVT NEPTUNE သည် ထိုင်းနိုင်ငံ ဖူးခက် (Phu ket) ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ဟာလ်ဒီးယာ (Haldia) ဆိပ်ကမ်းသို့ သွားရောက်စဉ် မြန်မာနိုင်ငံ ရေပိုင်နက်အထူးသီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ကော့သောင်းမြို့အနောက်ဘက်ရေမိုင် (၁၂၄) မိုင်ခန့်အကွာ၌ ဖော့ပြားများဖြင့် ပြုလုပ်ထားသည့် ဖောင်တစ်စီးပေါ်မှ မြန်မာနိုင်ငံသား လှေလုပ်သား (၃)ဦးက အကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ (၂၄) ရက် နံနက် (၁၁) နာရီ (၁၂) မိနစ်တွင် ကယ်ဆယ်ခဲ့ပြီး ရေယာဉ်ပေါ်၌ ကျန်းမာရေးစစ်ဆေး၍ အစားအသောက်နှင့် အဝတ်အထည်များ ပေးအပ်ကာ စောင့်ရှောက်ထားခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးကွပ်ကဲမှုဌာနချုပ် (MRCC) များထံသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ကယ်ဆယ်ထားသူ(၃)ဦးနှင့်ပတ်သက်၍ စစ်ဆေးမှုပြုလုပ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ MRCC က ဆက်သွယ်အကြောင်းကြားသဖြင့် အချိန်နှင့်တပြေးညီ M.T PVT NEPTUNE သင်္ဘောရေယာဉ်မှူးနှင့် ဆက်သွယ်မှုပြုလုပ်၍ လှေလုပ်သားများ၏ အချက်အလက်များကို တောင်းခံခြင်း၊ မြန်မာနိုင်ငံသားဟုတ်/ မဟုတ် စိစစ်အတည်ပြုခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အထောက်အထားများအရ မြန်မာနိုင်ငံသားများဖြစ်သဖြင့် မြန်မာနိုင်ငံရေပိုင်နက်အတွင်း လက်ခံရယူရန် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်တစ်စင်းစေလွှတ်ကာ ဟိုင်းကြီးကျွန်းအနီး ရေပြင်တွင် စက်တင်ဘာ (၂၅) ရက် ည (၁၀) နာရီ မိနစ် (၅၀) တွင် စနစ်တကျလွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ လှေလုပ်သား (၃)ဦးတို့မှာ လပွတ္တာမြို့နယ်၊ အောင်လှိုင်ရွာမှ ကျော်ကျော် (ခ) ကျော်ကြီး (၄၁) နှစ်၊ ဖြိုးဝေ (၂၈) နှစ်နှင့် ကျော်ပိုင်ဦး (၂၈) နှစ်တို့ဖြစ်ကြပြီး ဟိုင်းကြီးကျွန်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေး၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here