အောင်ပန်း-ကလောလမ်းခွဲ၌ ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသား ဒဏ်ရာအပြင်းအထန်ရ

0
5

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလောလမ်းခွဲတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသား (၁)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းမှ သိရသည်။

စက်တင်ဘာ (၂၈)ရက် ည (၈)နာရီ အချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေဘေးကူညီကယ်ဆယ်ရေးမှ ပြန်လာသော နာရေးကူညီမှုအသင်း ရန်ကုန်နှင့် ပူးပေါင်း၍ ဖြစ်စဉ်ကို ကူညီခဲ့ကြောင်း သိရသည်။

“Lucky 7 ဆိုင်ရှေ့အနီးလမ်းမမှာ အမည်မသိရှိရသေးတဲ့ ကားနဲ့ ကလောမြို့မှာ နေထိုင်တဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ် တိုက်မိတာ။ ဆိုင်ကယ်ယာဉ်မောင်းကို ရေဘေးကူညီရေးက ပြန်လာတဲ့ ရန်ကုန် နာ/ကူအသင်းတို့နဲ့ ပူးပေါင်းပြီး ကူညီခဲ့တာပါ”ဟု ကူညီပေးခဲ့သည့် နာရေးကူညီမှုအသင်း အောင်ပန်းမှ ဆိုသည်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ ဆိုင်ကယ်မောင်း အမျိုးသားအား မြေပြင် ဆေးကုသမှုပေးပြီး နာရေးကူညီမှုအသင်း ရန်ကုန်နှင့် ပူးပေါင်း၍ အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လူနာမှာ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် ကလောမြို့ ဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here