တရုတ် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံမည်

0
37

တရုတ် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Ms. Gao Ping ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့သည် အောက်တိုဘာ(၂)ရက်၊ နံနက်(၁၁)နာရီချိန်တွင်၊ မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်ဆက်ဆံရေး (၇၅)နှစ် ပြည့်ပြီဖြစ်၍ ချစ်ကြည်ရေးတိုးမြှင့်ရန် ကျိုးစားဆောင်ရွက်သွားမည် ဖြစ်ပြီးတရုတ်ခရီးသွား တိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကောင်စစ်ဝန်ချုပ်အနေဖြင့် ကနေဒါ၊ ပြင်သစ်စသည့် အနောက်နိုင်ငံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခု မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိ တာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ်က ဝါရင့်သံတမန်တစ်ဦးလည်းဖြစ်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးကို ရင်းနှီးကျွမ်းဝင်၊ ထဲထဲဝင်ဝင် လုပ်ဆောင်တာဝန်ယူနေသူ၊ ချစ်ကြည်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနေသူ ဥက္ကဋ္ဌနှင့် ယခုလိုတွေ့ဆုံခွင့်ရ၍ များစွာဝမ်းမြောက်ကြောင်း အစစအရာရာ ဝိုင်းဝန်းအကြံပြုပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာ-တရုတ် ချစ်ကြည် ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ၎င်းအနေဖြင့် သံအမတ်ကြီးအဖြစ် နိုင်ငံပေါင်း (၅)နိုင်ငံတွင် (၁၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၎င်းတာဝန်ယူစဉ်ကပင် နာယကအဖြစ် ပါဝင်တည်ထောင်ခဲ့သော မြန်မာ – တရုတ်ချစ်ကြည်ရေး အသင်းကြီးမှာ သက်တမ်း(၁၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တာဝန်များမှ အငြိမ်းစားယူပြီး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည့် (၁)နှစ်အတွင်း တရုတ်ပြည် ပေကျင်း၊ ကူမင်းသို (၇)ခေါက်ရောက်ရှိပြီး၊ ချစ်ကြည်ရေးဆက်ဆံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ပေကျင်းတွင် CPAFFC ၏ နှစ်(၇၀)ပြည့်အခမ်းနားနှင့် ဗုဒ္ဓညီလာခံသို့ တက်ရောက်ရန်ရှိကြောင်း၊ ၎င်းအနေဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးဆက်ဆံရေးကို တိုးမြှင့်တိုးတက်နိုင်ရေး လိုအပ်တာ ဝိုင်းကူဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here