ဆေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူ (၅၀၀)ခန့်ကို အဆောင်စီစဉ်ပေးနိုင်မည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မြသီလာကျောင်းဆောင်သစ် ဖွင့်လှစ်ပေး

0
18

ဆေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူ (၅၀၀)ခန့်ကို စာသင်ကြားစဉ် နေထိုင်ရန် အဆောင်စီစဉ်ပေးနိုင်မည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မြသီလာကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ မြသီလာ ကျောင်းသား ကျောင်းသူဆောင် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ (၅)ရက် နံနက်ပိုင်းက ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

ဆေးတက္ကသိုလ် (၂) တွင် ပညာသင်ကြားနေသော ဘွဲ့လွန်/ဘွဲ့ကြို၊ ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချ စိတ်အေးချမ်းသာစွာနေထိုင်ပြီး ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြသီလာ ကျောင်းသား ကျောင်းသူ အဆောင်သစ်ကြီးကို ဆောက်လုပ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း လိုအပ်သည်များကို ဆက်လက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မြသီလာကျောင်းသားကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အဦမှာ ယူပုံစံ (U Shape) ဖြစ်ပြီး စတုရန်းပေ (၈၁၉၀၀) ကျယ်ဝန်းပြီး ကျောင်းသား ကျောင်းသူ (၅၀၀) ကို အဆောင်စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် Z&Y ကုမ္ပဏီလီမိတက်မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ မြသီလာကျောင်းသားကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အဦ ပြီးစီးမှု မှတ်တမ်းကိုလွှဲအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ဘက်စုံအသုံးပြုနိုင်ရန် အလှူငွေ ကျပ် သိန်း (၁၀၀) ကို ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here