အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)တွင် အောက်တိုဘာ တတိယပတ်မှ စ၍ တစ်ရက်လျှင် ကင်ဆာလူနာ (၅၀) မှ (၁၀၀) အထိ ကုသပေးနိုင်တော့မည်

0
38

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute -NCI)တွင် အောက်တိုဘာလ တတိယပတ်မှစတင်၍ ကနဦး ကင်ဆာလူနာ (၅၀) မှ (၁၀၀) အထိ ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ အောက်တိုဘာ(၆)ရက်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)သို့ သွားရောက်ခဲ့ပြီး ဌာနတွင် လက်ရှိ ဓာတ်ရောင်ခြည် ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) တပ်ဆင်လျက်ရှိသည့် အခြေအနေများကို ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ CT Simulator သည် မကြာမီ ပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ တတိယပတ်မှစကာ ကနဦး လက်တွေ့ သင်ကြားကုသမှု စတင်မည်ဖြစ်ကြောင်း၊ ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ တပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ (၅၀) မှ (၁၀၀) အထိ ကုသပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် (၂)လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်း လူနာ (၂၀၀) အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကင်ဆာရောဂါဝေဒနာရှင်လူနာများ ကုသမှုခံယူနိုင်ရန် L Shape (၈)ထပ် အဆောက်အအုံနှင့် အခြားအဆောက်အအုံများ ဆောက်လုပ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here