MSME စီးပွားရေးလုပ်ငန်းများအတွက် အထူးစီးပွားရေးဇုန်များနှင့်ပြည်တွင်းစက်မှုဇုန်များကို အရှိန်အဟုန်မြှင့်ဖော်ဆောင်နေ

0
20

မြန်မာနိုင်ငံ၏ MSME စီးပွားရေးလုပ်ငန်းများအတွက် အထူးစီးပွားရေးဇုန်များနှင့် ပြည်တွင်းစက်မှုဇုန်များကို အရှိန်အဟုန်မြှင့်ဖော်ဆောင်နေသည့်အခြေအနေများကို အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ အောက်တိုဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင်ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄)တွင် ထည့်သွင်းပြောကြားခဲ့သည်။

MSME စီးပွားရေးလုပ်ငန်းအပါအဝင် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆို အခြေခံလိုအပ်ချက်မှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်သောကြောင့် MSME စီးပွားရေးလုပ်ငန်းအကောင်အထည်ဖော်ရမည့် အထူးစီးပွားရေးဇုန်များ၊ ပြည်တွင်းစက်မှုဇုန်များအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ(၂၀၂၄)နှင့် နည်းဥပဒေ (၂၀၁၅)တို့နှင့် စက်မှုဝန်ကြီးဌာန စက်မှုဇုန်နည်း ဥပဒေများ(၂၀၂၃)တို့ကိုထုတ်ပြန်၍ အရှိန်အဟုန်မြှင့်ဖော်ဆောင်နေကြောင်း ဆွေးနွေးပြောကြားသည်။

” အဲဒီ ဥပဒေ၊ နည်းဥပဒေတွေမှာပါတဲ့ အချက်အလက်တွေဟာ မြေနေရာ၊ ငွေကြေးအရင်းအနှီးနဲ့ဈေးကွက်ရှာဖွေရရှိမှုတွေအတွက် များစွာအထောက်အကူပြုစေမယ့် လမ်းညွှန်ချက်တွေ နည်းပညာရရှိရေးနဲ့ သင်ယူလေ့လာနိုင်ဖို့ ကျွမ်းကျင်လုပ်သားတွေ အခြေခံလုပ်သားတွေ လိုအပ်ချက်ရရှိဖို့ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေပါရှိပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ထို့ပြင် နိုင်ငံတစ်ဝှမ်း MSME များကို အားဖြည့်ပေးနေသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ(၁၀၂)ခု၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ(၄၇၁၁၉)ခု၊ စက်မှုဇုန်၊ စက်မှုရပ်ကွက်(၃၃)ခု၊ အထူးစီးပွားရေးဇုန် (၃)ခုအပါအဝင် ရေနက်ဆိပ်ကမ်း(၂)ခုကို လျာထားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ နည်းပညာနှင့်ပတ်သက်၍ KG+9 အောင်မြင်ပြီးသူများကို Vocational Training ပေး၍ အခြေခံလုပ်သားဘဝမှ ကျွမ်းကျင်လုပ်သားဖြစ်စေရေး၊ သာမန်အတန်းပညာတတ်မြောက်သူနှင့် လုံးဝစာမတတ်မြောက်သူများကိုလည်း လက်တွေ့နယ်ပယ်အလိုက်အသုံးပြုရမည့် အခြေခံလုပ်သား၊ကျွမ်းကျင်လုပ်သားများဖြစ်စေရန် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

” ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီနေ့အထိ သင်တန်းအမျိုးအစားပေါင်း(၃၈၇)ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်လှစ်ပြီးအကြိမ်အရေအတွက်က(၅၅၁၂) ကြိမ်၊ တက်ရောက်ပြီး သင်တန်းသား/သင်တန်းသူဦးရေက(၁၁၇၁၁၈)ဦးနဲ့ တက်ရောက်ဆဲ သင်တန်းသား/သင်တန်းသူဦးရေက(၈၇၅)ဦးရှိပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

အဆိုပါ သင်တန်းများကို အနာဂတ်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်၍ စက်မှုဝန်ကြီးဌာန၏ Website တွင် MSME ခေါင်းစဉ် Link ဖြင့် ဝန်ကြီးဌာနများမှ MSME စီးပွားရေးလုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးနိုင်သော သင်တန်းများကိုအခမဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here