အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြော

0
8

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံနိုင်ငံများမှ ရေတပ်အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်မည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီးအကဲများနှင့်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ယနေ့ အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အာဆီယံဒေသအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်သင့်သည့် အခြေအနေများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံများကို အပြန်အလှန်ဖလှယ်နိုင်ရေးတို့နှင့် သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် အာဆီယံရေတပ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတို့ကိုလည်း ဆွေးနွေးပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုကိုလိုလားသဖြင့် ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင်တည်ဆောက်သွားကြရမည်ဟုလည်း ပြောကြားခဲ့သည်။

အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကလည်း အစည်းအဝေးလာရောက်စဉ်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်စွာဖြင့်စီစဉ်ဆောင်ရွက်ပေးမှု၊ (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကျင်းပသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်အာဆီယံရေတပ်များအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here