တရုတ်သို့ ကုန်စည်တင်ပို့မှု ရပ်တန့်နေသည့်အတွက် ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အားထားရမည့်သစ်သီးဈေးကွက်

0
16

တရုတ်သို့ အဓိကထား တင်ပို့နေရသည့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် သစ်သီးများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အားထားရမည်ဖြစ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

သစ်သီးဝလံများကို အညာဒေသတွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး အဆိုပါဒေသများသည်လည်း ပဋိပက္ခများကြောင့် မစိုက်ပျိုးနိုင်သလို စိုက်ပျိုးထွက်ရှိသည့်သစ်သီးများကိုလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

” အသီးတွေက အညာဘက်နေထွက်တာများတယ်။ အဲဒီကနေပဲစိုက်ကြတာများတယ်။ တဖြည်းဖြည်းနဲ့ စိုက်ပျိုးထုတ်လုပ်မှုကလည်း အားနည်းလာတယ်။ ယိုးဒယားဘက်ဆိုရင်လည်း လမ်းကမပွင့်ဘူး။ ပွင့်တဲ့လမ်းကြောင်းကျတော့လည်း တန်ဆာခဈေးကြီးတယ်။ တရုတ်ဘက်ကျတော့လည်း လုံးဝမသွားနိုင်ဘူး။ ပြည်တွင်းဈေးကွက်ကိုပဲအားထားရမှာ။ ပြီးတော့တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးမှုလျော့ကျလာတယ်”ဟု ညီသုတသစ်သီးပွဲရုံမှ ပွဲရုံပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြည်တွင်း၌စိုက်ပျိုးထွက်ရှိသည့် သစ်သီးဝလံများကို ယခင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှတဆင့် တရုတ်သို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး ယခုအခါ တိုက်ပွဲများကြောင့် တင်ပို့နိုင်ခြင်းမရှိသလိုရှမ်းပြည်နယ်(အရှေ့ဘက်)ရှိ မိုင်းလားမှတဆင့်တင်ပို့နေရခြင်း ဖြစ်သည်။

မကြာခင် ဖရဲ၊ သခွားရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ နှစ်စဉ် နိုဝင်ဘာလမှ မေလအထိ ပုံမှန်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here