ခရီးသွားများလာရောက်အပန်းဖြေနိုင်ရန် ဝါးနက်ဆင်စခန်း ကြိုတင်ပြင်ဆင်ထား

0
21

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများ အနားယူအပန်းဖြေနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၊ ဝါးနက်ဆင်စခန်းမှ သိရသည်။

ခရီးသွားများအပန်းဖြေနိုင်ရန်အတွက် ဆင်များမှ ဘောလုံးကန်ပြခြင်း၊ ဆင်နှစ်ကောင်တွဲ၍လမ်းလျှောက်ပြခြင်း၊ ပုသိမ်ထီးဆောင်းပြခြင်း၊ သံစုံဘာဂျာမှုတ်ပြခြင်းစသည့် ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာ ရေလှောင်တမံသွားကားလမ်းဘေးတွင် ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူများအတွက် သဘာဝတောတောင်ရှုခင်းအလှများနှင့် ဆင်စီးပြီးအပန်းဖြေနိုင်ရေးအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ဝါးနက်ဆင်စခန်းတွင် ဆင်စီး၍ တောတောင်ရှုခင်းများ ကြည့်ရှုနိုင်ခြင်း၊ ဆင်များ၏ လိမ္မာမှုများပြသခြင်းစသည့်ဝန်ဆောင်မှုများပေးနေသလို လာရောက်သူများက ဆင်များကို အစာကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်ကြကြောင်းလည်း သိရသည်။

ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် (၁၀၀၀)ပြည်ပခရီးသွားတစ်ဦးလျှင် (၁၀၀၀၀) ကျပ် သတ်မှတ်ထားပြီး ဆင်စီးသည့် ဝန်ဆောင်မှုအတွက် ခရီးတိုလျှင် ငွေကျပ် (၃၀၀၀) နှင့် ခရီးရှည်လျှင် ငွေကျပ် (၅၀၀၀)၊ ပြည်ပခရီးသွားများအတွက် (၁၀၀၀၀၀) ကျပ် ကျသင့်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here