မုဒုံမြို့ရှိ ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေလှော်ပြိုင်ပွဲထည့်သွင်းကျင်းပ

0
13

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေလှော်ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၁၀ နာရီမှစတင်၍ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လှေလှော်ပြိုင်ပွဲအား ကန်ကြီးမင်္ဂလာကန်တော်၌ကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ်လှေလှော်အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲအား မုဒုံမြို့ပေါ် ရှိ ရပ်ကွက်များမှ လှေလှော်အသင်း(၇)သင်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းအား (၇) သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအား (၅) သိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား (၃) သိန်းကျပ်၊ စတုတ္ထဆုရရှိသည့်အသင်းအား (၂) သိန်းကျပ်နှင့် နှစ်သိမ့်ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here