ပြည်တွင်း ပြည်ပ ပြိုင်ပွဲ (၂)ခုကို ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း ဂျပန် ကွင်းလယ်ကစားသမား ဟီရိုတာယူရီကို ထပ်မံ ခေါ်ယူ

0
10

ပြည်တွင်း ပြည်ပ ပြိုင်ပွဲ (၂)ခုကို ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ဂျပန်နိုင်ငံသား ကွင်းလယ်ကစားသမား ဟီရိုတာယူရီကို ထပ်မံ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် အသင်းသည် ပြည်တွင်းပွဲဖြစ်သည့် Myanmar National League ဒုတိယအကျော့ ပထမဆုံးအဖွင့်ပွဲစဉ်အား အောက်တိုဘာလ (၁၉) ရက်တွင် တောင်ကြီးကွင်း ၌ ဧရာဝတီယူနိုက်တက် အသင်းတို့ ထိပ်တိုက်တွေဆုံကစားသွားရမည်ဖြစ်သည်။

ထို့နည်းတူ ပြည်ပ ပွဲစဉ်တစ်ခုဖြစ်သည့် AFC Challenge League 2024 / 25 ပြိုင်ပွဲကိုလည်း အောက်တိုဘာလ (၂၇) ရက်၌ စတင်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ယင်းအတွက် ကစားသမားအပြောင်းအရွေ့အပါအဝင် အားဖြည့်ခေါ်ယူနေမှုများ ဆက်တိုက်ပြုလုပ်နေပြီး၊ အသင်းတွင် လက်ရှိ ခေါ်ယူလိုက်သည့် ဂျပန်နိုင်ငံသား ဟီရိုတာယူရီကိုအပါအဝင် နိုင်ငံခြားသားကစားသမား(၅)ဦးအထိ ခေါ်ယူ ထားပြီးဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်း၌ ရောက်ရှိနေသော နိုင်ငံခြားသားကစားများမှာ နောက်ခံကစားသမား ဝီလျှံ ( Biassi Nyak we William) ၊ အလယ်တန်းကစားသမားများဖြစ်သည့် မက်ခ်ဆာကီ (Mark Sekyi )နှင့် ယူရီ ( Hirota Ryuji )၊ တောင်ပံကစားသမား ဘာကာယိုကို (Bakayoko Moussa Paul) နှင့် တိုက်စစ်မှုး ရင်တာရို (Efrain Rintaro Da Silva) တို့ဖြစ်သည်။

ထို့ပြင် အသင်းအ‌နေဖြင့် အပြောင်းအရွှေ့ကာလအတွင်း ကောင်းမြတ်သူနှင့် အောင်နိုင်ဝင်းတို့ကို အခြားပြည်တွင်းကလပ်များသို့ အငှားစေလွှတ်ခဲ့ပြီး မြတ်ကောင်းခန့်နှင့် ဂျပန်နိုင်ငံသားယူရီ တို့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

လက်ရှိ ပြည်တွင်း ပွဲစဉ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် (11) အပြီးတွင် ရှမ်းယူနိုက်တက် အသင်းအ‌နေဖြင့် ရမှတ်(၃၁) မှတ်ရရှိပြီး အမှတ်ပေးဇယား အဆင့် (၁) တွင် ရပ်တည်နေကာ ပြိုင်ဘက် ဧရာဝတီ ယူနိုက်တက် အသင်း အနေဖြင့် ရမှတ် (၅) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၀) တွင်ရပ်တည်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းအနေဖြင့် MNL League Cup 2024 အတွက် ချန်ပီယံဆု ရရှိထားပြီး၊ လက်ရှိတွင် Myanmar National League ပြိုင်ပွဲ၊ AFF SHOPEE CUP ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here