တရုတ်နှင့်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး

0
15

ပေကျင်း၊အောက်တိုဘာ ၁၈

ဗြိတိန်၏နိုင်ငံခြားရေး၊ဓနသဟာယနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေးဗစ်လမ်မီသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် သောကြာနေ့က ပေကျင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

မစ္စတာဝမ်ယိက ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများလည်းဖြစ်သည့် ဗြိတိန်နှင့်တရုတ်တို့သည် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်ကို လက်ကိုင်ထားသင့်သည်ဟုဆိုသည်။

ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရာ၌လည်း နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သူများဖြစ်သင့်ကြောင်းကိုလည်းပြောကြားခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုကို လိုက်နာရန်၊အပြန်အလှန်နားလည်မှုနှင့် လေးစားမှုကို ကျင့်သုံးရန်၊ အဓိက ကိစ္စများ၌ ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် လိုအပ်ကြောင်းဝမ်ကဆိုခဲ့သည်။

ထိုမျှမက နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အပြည့်အဝပြန်လည်ထူထောင်ရန်လည်း တရုတ်နိုင်ငံကသဘောတူခဲ့သည်။

ကုန်သွယ်ရေး၊ဘဏ္ဍာရေး၊အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊သိပ္ပံနှင့်နည်းပညာ၊ကျန်းမာရေး၊ပညာရေး၊ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင်ပါ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာဆောင်ရွက်သွားရန်သဘောတူခဲ့သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here