ကြည့်မြင်တိုင် ညစျေးအနီးတွင် သစ်ပင်လဲကျပြီး ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွား

0
4

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ လူစည်ကားရာ ညစျေးရှိသည့် ဈေးကြီးလမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့နှင့် ပရ ဟိတအသင်းများမှ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၁၉)ရက်၊ ညနေ (၅)နာရီ (၁၆)မိနစ်အချိန်ခန့်က ဈေးကြီးအရှေ့ရပ်ကွက်၊ ဈေးကြီးလမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းအရ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ်နှင့် စေတနာ့ဝန်ထမ်းများ ထွက်ခွာ၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီဘက်မှာ ဒီနေ့ ညနေ (၄) နာရီ နောက်ပိုင်းလောက်က မိုးရွာလေပြင်းတွေတိုက်ပြီး ညစျေးအနီးပေါ့နော် ၊ သစ်ပင်လဲကျတာ။ ထိခိုက်မှုတော့ ကြီးကြီးမားမား မရှိလောက်ဘူးထင်တယ်။ ညဘက်အချိန်ထိ ရှင်းလင်းရေးတွေ လုပ်နေတာ တွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

ထိိုသို့ ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ညပိုင်းအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

လက်ရှိ ရုန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ သစ်ပင်များ နေအိမ်နှင့် လမ်းမများပေါ်သို့ ပြိူလဲကျမှုများစသည့် သဘာဝဘေးများနှင့် ယာဉ်မတော်တဆမှုများနှင့် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်အကူညီ တောင်းခံနိုင်ပါကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများမှလည်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here