G 7 ကာကွယ်ရေးဝန်ကြီးများ အရှေ့အလယ်ပိုင်းတင်းမာမှုမြင့်လာ၍စိုးရိမ်

0
20
In this handout photograph released by Italian Ministry of Defence on October 19, 2024, Italy's Defence Minister Guido Crosetto (back C) speaks during a morning roundtable as part of the Group of Seven (G7) Defence Ministers Summit at the Palazzo Reale in Naples, Italy. (Photo by Massimiliano DE GIORGI / Italian Ministry of Defence / AFP)

ရောမ၊အောက်တိုဘာ ၂၀

အရှေ့အလယ်ပိုင်း၌ တင်းမာမှုများ တိုးမြင့်လာနေ၍ စိုးရိမ်မကင်းဖြစ်ရကြောင်း G – 7 ကာကွယ်ရေးဝန်ကြီးများကထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း G 7 နိုင်ငံများအတွက် ပထမဆုံးကျင်းပခြင်းလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတွင် လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့ (unifil) ကို အစ္စရေးကတိုက်ခိုက်မှု‌ကြောင့် အရှေ့အလယ်ပိုင်း၌ တင်းမာမှုမြင့်တက်လာမည်ကိုစိုးရိမ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ကြသည်။

“လက်ဘနွန်ကုလယာယီတပ်ဖွဲ့ကို အန္တရာယ်ပြု ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိသလို ဒီငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးတွေဟာလည်း ပဋိပက္ခမှာပါဝင်တဲ့သူတွေအားလုံးနဲ့သက်ဆိုင်ပါတယ်” ဟုလည်း ပြောကြားခဲ့ကြသည်။

ဗြိတိန်၊အီတလီ၊ကနေဒါ၊ဂျပန်၊ပြင်သစ်၊ဂျာမနီနှင့် အမေရိကတို့ပါဝင်သည့် G – 7 ကာကွယ်ရေးဝန်ကြီးများက လက်ဘနွန်၏တည်ငြိမ်မှုနှင့်လုံခြုံရေးကို သေချာထိန်းသိမ်းနိုင်စေရန် ကုလယာယီတပ်ဖွဲ့နှင့် လက်ဘနွန် လက်နက်ကိုင်တပ်ဖွဲ့များကို အခိုင်အမာထောက်ခံကြောင်းလည်းပြောကြားခဲ့ကြသည်။

ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရာ၌ သိသာထင်ရှားစွာကူညီနိုင်ရန်နှင့်အဆင်အပြေဆုံးနည်းလမ်းဖြစ်သည့် နှစ်နိုင်ငံစနစ်လမ်းကြောင်းကိုသာ ၎င်းတို့အားလုံးကထောက်ခံကြောင်းလည်းဆိုခဲ့ကြသည်။

နေတိုးအတွင်းရေးမှူးချုပ် Mark Rutte နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell တို့ကိုလည်းအဆိုပါအစည်းအဝေးသို့ဖိတ်ကြားခဲ့ကြသည်။

Borrell ကမူ ဂါဇာနှင့်လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေးနှင့် လက်ဘနွန်ရှိကုလယာယီတပ်ဖွဲ့ကို လေးစားလိုက်နာရန်လည်းတိုက်တွန်းခဲ့ကြောင်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here