ရာသီစာ မှိုဦးနက်များ မုံရွာဈေးကွက်သို့ အများအပြားဝင်ရောက်

0
12

ရာသီစာ မှိုဦးနက်များ မုံရွာဈေးကွက်သို့ အောက်တိုဘာလလလယ်တွင် ဒီပဲယင်းနယ် ၊စိုင်ပြင်ကြီးနယ်မှ အများအပြားဝင်ရောက်လာရာ ဝယ်ယူသူများပြားကြောင်း သိရသည်။

“မနက်ခင်း ဆွမ်းခံကြွတဲ့ သံဃာတော်တွေ၊ ကိုရင်တွေနဲ့သီလရှင်ကျောင်းအတွက် ချက်ဖို့ဝယ်တာပါ။ တစ်ပိသာ (၂၅၀၀၀) ဈေးပေးရတယ်။ အပွင့်ရောအငုံရော ရောရက်ဝယ်တာပါ။ လှီးသင်ပြီး နွေးထားလိုက်ရင်မနက်ချက်လို့ကောင်းတယ်။နှစ်တိုင်းဝယ်ချက်လှုဖြစ်တယ်”ဟု မုံရွာမြို့ခံအမျိုးသမီးက မှိုအများအပြားဝယ်ယူရင်း ပြောပြသည်။

မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မှိုများတွင် တောင်ပို့မှို (ခေါ်)မှိုခြေတံရှည်သည် အထင်ရှားဆုံးဖြစ်သော်လည်း မုံရွာနယ်ဖက်တွင် မှိုဦးနက်ကို စားသုံးသူများက ပိုမိုနှစ်သက်စွာဝယ်ယူချက်ပြုတ်ကြသောကြောင့် မိုးရာသီစက်တင်ဘာ၊အောက်တိုဘာလများတွင် မုံရွာဈေးကွက်သို့ အများဆုံးရောက်ရှိတတ်ကြောင်း သိရသည်။

မှိုဦးနက်တွင် မှိုပွင့်ထိပ်၌ အနက်ကွက်ပါရှိ၍ တစ်မိုးတွင်းလုံးပေါက်တတ်သော်လည်း မုံရွာဈေးကွက်တွင် စက်တင်ဘာလအစမှ စတင်၍ နိုဝင်ဘာလအစအထိ မှိုဦးနက်များဝင်ရောက်ကာ အောက်တိုဘာလလယ်ဝင်သော မှိုဦးနက်သည် အရသာကောင်းမွန်သောကြောင့် ဝယ်ယူသူများသောကာလဖြစ်သည်။

“ရုက္ခဗေဒပညာရှင်များက စားကောင်းတဲ့မှိုနဲ့ အဆိပ်ဖြစ်စေလို့ မစားကောင်းတဲ့ မှိုဆိုပြီး အုပ်စုနှစ်စုခွဲခြားတယ်။ စားကောင်းတဲ့မှိုဟာ အုပ်စုတစ်ခုတည်းဝင် အဆိပ်သင့်စေတဲ့မှိုရဲ့ အနွယ်ဖြစ်ကောင်းဖြစ်ပါမယ်။ စားကောင်းတဲ့မှိုနဲ့ စားမကောင်းတဲ့ မှိုတွေကိုကျွမ်းကျင်သူတွေသာ ခွဲခြားနိုင်တာပါ”ဟု မှိုစိုက်ပျိုးသူက ပြောသည်။

မုံရွာဈေးကွက်တွင် မှိုဦးနက်တစ်ပိသာလျင် ကျပ်(၂၅၀၀၀) မှ (၄၀၀၀၀) ကျပ်ကြားရောင်းချလျက်ရှိပြီး ညောင်တပင်ညနေဈေးသို့ လာရောက်ရောင်းချသော တောဈေးသည်အများစုသည် မှိုဦးနက်တစ်ပုံလျင်ကျပ် (၄၀၀၀) နှုန်းဖြင့် ရောင်းချပေးနေသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here