တောင်ဒဂုံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စားသောက်ရေး ခက်ခဲနေသည့် ဒေသခံများအား ထမင်းဘူးနှင့် ရေသန့်များ လှူဒါန်း

0
17

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ (၂၁)ရက်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ခရေလမ်းရှိ ဒေသခံများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ ထမင်းဘူးနှင့် ရေသန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းလာရာ ရန်ကုန်မြို့၏ မြစ်ချောင်းများအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သော ဒေသခံများ၏ နေအိမ်များ ရေနစ်မြုပ်ခံရခြင်း၊ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရခြင်းစသည်ဖြင့် ရေကြီး၊ ရေလျှံမှုဒဏ် ခံစားနေရကြောင်း သတင်းများအရ သိရသည်။

“ဒီမှာက မိုးရွာပြီဆို ရေကဝင်ပြီ တော်တော်နဲ့လည်း ပြန်မကျဘူး။ ချက်ဖို့ ပြုတ်ဖို့ကတော့ ဘယ်လိုမှကို အဆင်မပြေဘူးလေ။ လူမှုကူညီရေးအသင်းတွေက ညဘက်ကြီး ရောက်လာပြီး စားစရာတွေ လာဝေတာ တကယ် ကျေးဇူးတင်ရပါတယ်။”ဟု ရပ်ကွက်နေထိုင်သူ တစ်ဦးက ပြောသည်။

ထို့ကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ စေတနာအလှူရှင်များ လှူဒါန်းပေးသည့် ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ခရေလမ်းရှိ ရေဘေးသင့် ဒေသခံများ၏ နေအိမ်အရောက်၊ လက်ဝယ်အရောက် အောက်တိုဘာ (၂၂)ရက် ညပိုင်းက အခြား လူမှုကူညီရေးအသင်းများနှင့်အတူ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ထက်မနည်း ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး အချို့မြို့နယ်များတွင်လည်း နေထိုင်စားသောက်ရေး အကူညီများ လိုအပ်နေသေးကြောင်းနှင့် လူသားခြင်း စာနာထောက်ထားမှုအနေဖြင့် ဆက်လက်ကူညီဝေငှပေးနိုင်ရန် YRO အဖွဲ့ဝင် အသင်းများနှင့် အလှူရှင်များမှ ထပ်မံကြိုးစားလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here