ထိုင်းအရှေ့ပိုင်းက ကော့ခမ်ကျွန်းကို ဘတ် ၁ ဒဿမ ၈ ဘီလျံဖြင့် ရောင်းမည်

0
21

ထိုင်းနိုင်ငံအရှေ့ပိုင်း ထရတ်ပြည်နယ်ရှိ ဆောက်လက်စ အပန်းဖြေအိမ်များပါဝင်သော ကော့ခမ်ကျွန်းကို ဘတ် ၁ ဒဿမ ၈ ဘီလျံဖြင့် ရောင်းချမည်ဟူသော မကြာခင်က ဖေ့စ်ဘုတ်ပေါ်တွင် ကြေညာခဲ့သည့် ပို့စ်များသည် ဗုဒ္ဓဟူးနေ့တွင် လူစိတ်ဝင်စားသော အကြောင်းအရာဖြစ်လာခဲ့သည်။

ဖေ့စ်ဘုတ်စ်အသုံးပြုသူ Apassara Sonsab ဆိုသူက အဆိုပါ ပုဂ္ဂလိကပိုင်ကျွန်းသည် ထရတ်ပြည်နယ်တွင် အလှဆုံးကျွန်းဖြစ်ကြောင်းနှင့် ရောင်းချမည့်အစီအစဉ်ထဲတွင် ဆောက်လက်စ အပန်းဖြေအိမ်များကိုလည်း ထည့်သွင်းထားကြောင်း ရေးသားထားခဲ့သည်။

ပို့စ်တွင် ရေးသားထားချက်အရ ရောင်းချမည့် ကျွန်းပေါ်ရှိ ဧရိယာသည် ၁၀ ဧကခန့်ရှိပြီး ကြည်လင်တောက်ပသော ပင်လယ်ရေ၊ သန့်ရှင်းသော သဲသောင် မီတာ ၃၀၀ ခန့်နှင့် လှပသော မီးတောင်ကျောက်အစုအဝေးများ တည်ရှိနေသည်ဟု ဆိုထားသည်။ ကျွန်းသည် ထရတ်ပြည်နယ် အဓိက ကုန်းမြေမှ ၃၅ ကီလိုမီတာအကွာ၊ ကော့မတ်ခ်မှ ၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်ဟုလည်း ဆိုသည်။

ကော့ခမ်ကို ရောင်းချမည်ဆိုသော ပို့စ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ထရတ်ပြည်နယ်ရုံးက ပြည်သူများအနေဖြင့် ဘတ် ၁ ဒဿမ ၈ ဘီလျံရှိစရာမလိုဘဲ အဆိုပါကျွန်းကို ကော့မတ်မှတဆင့် မော်တော်ဘုတ်၊ ကယက်တို့နှင့် သွားရောက်၍ မီးတောင်ကျေက် အစုအဝေးများ၊ သန္တာကျောက်များနှင့် လှပသော ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှု့ခံစားနိုင်ပါကြောင်း တုန့်ပြန်ထားခဲ့သည်။

ကော့ခမ်သည် လွန်ခဲ့သည့် နှစ်သန်း ရာပေါင်းများစွာက မီးတောင်ပေါက်ဝတစ်ခုဖြစ်သည်ဟုလည်း အဆိုပါရုံးက ပြောဆိုခဲ့သည်။

၁၄၈ မီတာအရှည် တံတားတစ်စင်း တည်ဆောက်ခြင်း၊ ၄၈၀ မီတာအရှည် တာတစ်ခုတည်ဆောက်ခြင်းနှင့် မြေယာပြုပြင်ခြင်းတို့တွင် သစ်တောနှင့် ပင်လယ်ပြင်ကို ကျူးကျော်ခဲ့သည်ဟုဆိုကာ ၂၀၁၄ ခုနှစ်တွင် ကျွန်းပိုင်ရှင်ကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here