ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”အရှိန်ကြောင့် (၂၄) နာရီအတွင်း တိုင်းနှင့် ပြည်နယ် (၁၁)ခုတွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

0
22

ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”၏ အရှိန်ကြောင့် (၂၄) နာရီအတွင်း တိုင်းနှင့် ပြည်နယ် (၁၁)ခုတွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ (၂၄) ရက်၊ နံနက် (၇) နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ (၂၄) ရက်၊ နံနက်(၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ဒါနာ” (DANA) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ဂွမြို့(Gwa)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် (၃၆၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့(Dhamara)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗဟိုချက်လေဖိအား (၉၉၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၅၅) မိုင်မှ (၆၅) မိုင်နှုန်းခန့်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကာ အောက်တိုဘာ (၂၅)ရက် နံနက်အစောပိုင်း ၌ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြား ဒမ်မရာမြို့ (Dhamara) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု မိုး/ဇလမှ ခန့်မှန်းထားသည်။

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေမှာ တစ်နာရီလျှင် မိုင် (၅၀)မှ (၅၅) မိုင်အထိ တိုက်ခတ်နိုင်ရာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၁) ပေမှ (၁၅) ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလမှ သတိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here