မျက်မှောက်ကာလအခြေအနေများအရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန်အချိန်ကျရောက်လာပြီဟုဆို

0
17

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ရန် အချိန်ကျရောက်လာပြီဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၆)မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကာ အမျိုးသားရေးတာဝန်လည်းဖြစ်သည်ဟု ပြောသည်။

” ဒါ့ကြောင့် နိုင်ငံတော်ကာကွယ်ရေးမှာ အဓိကတာဝန်ရှိတဲ့ တပ်မတော်ကို ပြည်သူ့အားနဲ့ ပူးပေါင်းကူညီရမှာဖြစ်သလို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်တွေကိုလည်း ပြည်သူနဲ့တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်းတာဝန်ထမ်းဆောင်ကြရပါမယ်”ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

အလားတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင်လည်း တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ကို သမိုင်းများက ပြဆိုခဲ့ပြီးဖြစ်၍ သယံဇာတကြွယ်ဝသည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့်ကြိုးစားပါက မြန်မာနိုင်ငံသည် ဒေသတွင်းသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိမည်မှာမလွဲဧကန် ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here