အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ပြင်သစ်သမ္မတ အီမန်နျူယယ်မိုက်ခရွန်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက ထရမ့်၏ ‘သမိုင်းဝင်တစ်ကျော့ပြန်ပြန်လာခြင်း’ အတွက် ချီးကျူးဂုဏ်ပြုကြသည်။
နေတန်ယာဟုက X တွင် ၎င်း၏ဂုဏ်ပြုလွှာကို မျှဝေခဲ့ပြီး “ချစ်ခင်ရပါသော ဒေါ်နယ်နှင့် မယ်လီနီယာထရမ့်၊ သမိုင်း၏အကြီးကျယ်ဆုံးပြန်လည်ရောက်ရှိလာခြင်းအတွက် ဂုဏ်ယူပါသည်။ အိမ်ဖြူတော်သို့ သင်၏သမိုင်းဝင်ပြန်လာခြင်းသည် အမေရိကအတွက် အစပြုခြင်းအသစ်နှင့် အစ္စရေးနှင့် အမေရိကကြား မဟာမိတ်ပြုမှုကြီးကို အားကောင်းမောင်းသန်သော ကတိကဝတ်တစ်ခုပေးပါသည်။ ဒါဟာ ကြီးမားတဲ့ အောင်ပွဲပါပဲ။ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုနှင့် သင်၏ ဘင်ဂျမင် နှင့် ဆာရာ နေတန်ယာဟု”ဟူ၍ရေးသားထားသည်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မိုက်ခရွန် ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး “ဂုဏ်ယူပါတယ် သမ္မတ ဒေါ်နယ်ထရမ့်။ လေးနှစ်ကျော်ကြာအောင် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခင်ဗျားရဲ့ခံယူချက်တွေ ကျွန်တော်နဲ့ အတူတကွပါပဲ။ လေးစားမှုနှင့် ရည်မှန်းချက်။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်”ဟူ၍ရေးသားထားသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီး ကလည်း “အထင်ကြီးစရာကောင်းသော ရွေးကောက်ပွဲအောင်ပွဲ” ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။
ဇလန်းစကီး က “သူရဲ့ အထင်ကြီးလောက်စရာကောင်းတဲ့ ရွေးကောက်ပွဲအောင်ပွဲအတွက် ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုပါတယ်။ ယူကရိန်း-အမေရိကန်အကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြတဲ့ စက်တင်ဘာလတုန်းက သမ္မတ ထရမ့်နဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံမှုကို ပြန်အမှတ်ရမိပါတယ်”ဟု X တွင်ရေးသားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း ထရမ့်အား ဂုဏ်ပြုစကား ပြောကြားပြီး “ခင်ဗျားရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ အောင်ပွဲအတွက် အသဲနှလုံးနဲ့ ဂုဏ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။ “ယခင်သက်တမ်းအတွင်း အောင်မြင်မှုများအပေါ် သင်တည်ဆောက်သကဲ့သို အိန္ဒိယ-အမေရိကန် ဘက်စုံကမ္ဘာလုံးဆိုင်ရာနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည်စတင်ရန် မျှော်လင့်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် ကျွန်ုပ်တို့၏ပြည်သူလူထု ပိုမိုကောင်းမွန်လာစေရန် အတူတကွ လုပ်ဆောင်ကြပါစို့။”ဟုလည်း မိုဒီက ရေးသားထားသည်။