လိုအပ်ချက်အားနည်းချက်ရှိရင် ပြင်ပါမယ် သင်ဇာဝင့်ကျော်

0
143

thin-zar

သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်ထားတဲ့ “မင်းလည်း ဘိုကေ ငါလည်းဘိုကေ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ယခုရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ကျောင်းဆရာမ ကာရိုက်တာက သရုပ်ဆောင်ထားတဲ့ သင်ဇာဝင့်ကျော်က ဇာတ်ကားပြန်ကြည့်တဲ့အခါမှာ ကျေနပ်အားရမှုရှိကြောင်း ပြောပါတယ်။

” ဒီဇာတ်ကားမှာ အမှတ်တရက ထူးထူးခြားခြားတော့ မရှိပါဘူး။ ရိုက်ကူးနေရင်းနဲ့က ပျော်နေရတယ်။ အခု ဒီဇာတ်ကားကို ပြန်ကြည့်တဲ့ အခါမှာလည်း အားရကျေနပ်ပါတယ်။ ဆရာမ ကာရိုက်တာကလည်း တစ်ခါမှမလုပ်ဖူးဘူး။ ဇာတ်လမ်းက မတည့်တဲ့ရွာနှစ်ရွာကို ပေါင်းစည်းပေးရတဲ့ ဆရာမ လေးနေရာကဆိုတော့ ဘာပဲဖြစ်ဖြစ် လုပ် ရတာ ကျေနပ် အားရမှုရှိပါတယ်။ ဒီဇာတ် ကားကို ပရိသတ်တွေလည်း ကြိုက်ကြမှာပါ” လို့ ပြောပါတယ်။

၁၁ လ ပိုင်းမှာ လပ်ကီးဆဲဗင်းနဲ့ ဘာလီမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပျက်သွားတဲ့အတွက် အခုလတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှု နားထားပြီး ဒီဇင်ဘာလကုန်မှာ ဇာတ်ကားပြန်လည် ရိုက်ကူးသွားမှာဖြစ်ကြောင်း သင်ဇာဝင့်ကျော်က ပြောပါတယ်။ ” အခုနောက်ပိုင်းဆို သင်ဇာ ကာရိုက်တာတွေရွေးပြီး ရိုက်ကူးဖြစ်တယ်။ လာတာနည်းတဲ့အထဲမှာမှ သေချာစိစစ်ပြီးရိုက်ကူးတော့ ကိုယ့်ဇာတ်ကားပြန်ထွက်လာတော့ ကြည့်တဲ့အခါမှာ ပေါ့ရွှတ်ရွှတ်မဖြစ်ဘူး။ အခု လတ်တလောမှာ သင်ဇာကား ရိုက်နားထားတယ်။ အစက ဒီ ၁၁ လပိုင်းက လပ်ကီး ဆဲဗင်းနဲ့ ဘာလီမှာ ရိုက်ကူးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီဇာတ်ကားက ပျက်သွားတော့ နားလိုက်ရတယ်” လို့ ပြောပါတယ်။

မြန်မာဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပရိသတ်တချို့ရဲ့ ဝေဖန်သံတွေကိုလည်း တွေ့ရပါတယ်။ ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော် က.. ” ကိုယ်တွေလည်း လိုအပ်ချက်ရှိမှာပဲလေ။ ပရိသတ် တွေကလည်း သူတို့အမြင်နဲ့သူတို့ ဝေဖန်တာပေါ့။ မြန်မာ ပရိသတ်တွေ မြန်မာဇာတ်ကားကို ဘယ်လောက်ချစ်လဲ၊ ဘယ်လောက်ထိ အားပေးခဲ့လဲဆိုတာကလည်း ကိုယ်တွေအသိပဲ။ သူတို့ ဒီလောက်ထိအားပေးခဲ့လို့ သင်ဇာတို့ အခုလို ရိုက်ကူးနေရတာ။ ပရိသတ်ရှိလို့ သင်ဇာတို့ရပ်တည်နိုင်တာ။ အဲဒီအတွက်ကြောင့်မို့လို့ လိုအပ်ချက်ရှိရင် ပြင်ပါမယ်။ အားနည်းချက်ရှိရင် ပြင်ပါမယ်။ တစ်ထောင့် တစ်နေရာကနေ ကြိုးစားပြီးပြင်ပါမယ်လို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here