တက္ကသိုလ်ကျောင်းသူဘဝကို ပြန်လည်လွမ်းဆွတ်ရင်း အတိတ်ကာလများဆီ အလည်သွားခဲ့တဲ့ ပိုပို

0
324

ppuni

ပြည်ပ နိုင်ငံတွေမှာတော့မသိ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ရတဲ့ အခိုက်အတန့်၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘဝကိုခံယူရတဲ့ အခိုက်အတန့်ဟာ ခံစား ချက်မျိုးစုံနဲ့ ပြန်တွေးလိုက်တိုင်းလွမ်းစရာတွေနဲ့ ပြည့်နှက်စေပါတယ်။ အရင်ခေတ်တုန်းကတော့ ရန်ကုန်တက္ကသိုလ်၊ မိန်းထဲမှာပေါ့။ သူတို့ခေတ်က ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ လွမ်းမောစရာအဖြစ် အပျက်တွေကို စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကနေ တစ်ဆင့်ထိသိခံစားခဲ့ရတယ်။ ဒီဘက်နောက်ပိုင်း အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ် ကာလများဆီမှာ မွေးဖွား ခဲ့ကြတဲ့ ကလေးတွေကတော့ ရန်ကုန်မြို့မှာဆို ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (လှိုင်သာယာ၊ မှော်ဘီ၊ သန်လျင်)၊ ကွန်ပျူတာတက္ကသိုလ် အစရှိသဖြင့် မိမိတို့နဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ပညာသင်ကြားကြရတယ်။ နေရာ ဒေသတွေ ကွဲပြားနေပါစေ၊ တက္ကသိုလ်ဟာ တက္ကသိုလ်ပါပဲ။ လူငယ်တို့ရဲ့ သစ်လွင် လတ်ဆတ်ခြင်းတွေနဲ့ တစ်သက်မှာတစ်ခါ
(နောင်ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့) ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ပေးစွမ်းပေးရာ နေရာဌာနကြီးတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ယောက်အဖြစ် သူမဘဝမှာ မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝအစက..

” တက္ကသိုလ်ကျောင်းတက်တဲ့ အချိန်မှာ ဘဝကို အသစ်စလိုက်သလို ခံစားရတယ်။ ပိုပိုကျောင်းစတက်တဲ့ အချိန်မှာ ကိုယ့်ဘာသာကိုယ် ထမင်း ချက်သွားရတယ်။ တကယ်လို့ မမီရင်လည်း ဘယ်သူ့မှ မချက်ကျွေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ထမင်းချိုင့် မပါဘဲနဲ့သွားရတာပေါ့။ ဘေးက သူငယ်ချင်းဆီကနေ ဗိုက်ဆာရင် ယူစားရတာပေါ့။ သူငယ်ချင်းတွေ တစ်ဖွဲ့လုံးမှာ ဆယ့်နှစ်ယောက်လောက်ရှိတယ်။ စကြ၊ နောက်ကြ၊ ပြောင်ကြနဲ့ တအားကို ပျော်ဖို့ကောင်းခဲ့ပါတယ်။ အဲဒါက ပိုပို့ရဲ့ တက္ကသိုလ်ပထမနှစ် အစပေါ့။ ပိုပိုက Zoology Major ပါ” လို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းသူ ဘဝအပေါ် သူမရဲ့အမြင်က..

ppuni2

” တက္ကသိုလ်ကျောင်းက နွေးထွေးတယ်။ ပညာတွေတင်မကဘူး။ ပိုပိုတို့အသိတရားတွေ အများကြီးရတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို တအား ကြိုက်တယ်” လို့ ပိုပိုက ပြောပါတယ်။ ဆက်လက်ပြီး သူမပြောပြတာက..

” ပိုပို ပထမတစ်နှစ် ကျောင်းတက်ပြီးတဲ့အချိန်မှာ ဥပဒေဘာသာရပ်နဲ့ အဝေးသင်ပြောင်းတက်လိုက်ရတယ်။ Day ဆိုတာက အိမ်ကမိဘတွေက အဆင်သင့်မုန့်ဖိုးပေးလိုက်တယ်။ ထမင်းချိုင့် အဆင်သင့်ထည့် ပေးတယ်။ Day တက်တဲ့သူတွေက ကြော့ကြော့လေးပေါ့နော်။ ပိုပိုကကျတော့ ခြေထောက် နှစ်ဖက်လုံးဖြတ်ထားတဲ့ အဘွားကိုပြုစုရတဲ့ အနေအထားတစ်ခု နဲ့ မုန့်ဖိုးပေးမယ့်၊ ထမင်းချိုင့်ထည့်ပေးမယ့် မိဘဆိုတာမရှိဘူး။ ကျောင်း ထားပေးတဲ့ အဘွားကလည်း ကောင်းကောင်းမလုပ်ပေးနိုင်တဲ့အတွက် ပိုပို ဒုတိယနှစ်မှာ ဥပဒေအဝေးသင်ပြောင်းလိုက်တာပါ” လို့ဆိုပါတယ်။ အဲဒီကာလမှာ ငွေကြေးအဆင်မပြေမှုတွေ၊ အားနည်းမှုတွေနဲ့ တစ်ဖက်ကလည်း ဂီတအလုပ်ကို ဦးစားပေးလုပ်နေတာကြောင့် ပိုပိုတစ်ယောက် တတိယနှစ် (ဥပဒေအထူးပြု) နဲ့ အခုထက်ထိ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အဖြစ်ရှိနေဆဲပါပဲ။ သူမကတော့ “တစ်နေ့ ငါအဆိုတော်ဖြစ်ပြီး ပိုက်ဆံတွေရှိလာရင် ကိုယ်ပိုင်ကားလေးနဲ့ ကျောင်းပြန်တက်ဦးမယ်” လို့ ရိုးသားပွင့်လင်းစွာ ဖွင့်ဟထားပါတယ်။ တက္ကသိုလ်နဲ့ပတ်သက်လို့ သူမရင်ထဲထိတဲ့ အနုပညာတစ်ခုကတော့ ဆရာမခင်ခင်ထူးရဲ့ “ပန်းကြာဝတ်မှုံ” ဝတ္ထုပါတဲ့။ ပိုပို့ရဲ့ ပရိသတ်တွေထဲမှာလည်း တက္ကသိုလ်တက်တဲ့ ညီငယ်၊ ညီမငယ်တွေ ရှိနေတော့ သူတို့ကို အမှတ်တရစကား လေးပြောပေးပါလို့ ပြောတဲ့အခါ..

pp2

Day ပဲဖြစ်ဖြစ်၊ အဝေးသင်ပဲဖြစ်ဖြစ် တစ်နှစ်တစ်တန်းအောင်တာ အကောင်းဆုံးပါပဲ။ ပြီးရင် ဘွဲ့ယူကြပေါ့။ တချို့တွေကျတော့လည်း မေဂျာမှာ ဂုဏ်ထူးတွေရပြီးတော့ တက္ကသိုလ် ဆရာ၊ ဆရာမတွေ ပြန်လုပ် တာလည်း ရှိတယ်လေ။ တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီဘဝလေးကို အပီအပြင်ခံစားပါလို့။ ကျောင်းပြီး သွားတဲ့အခါကျရင် လွမ်းပြီးတော့ ကျန်နေမှာပေါ့။ စာတွေကြိုးစားပါလို့လည်း ပြောချင်ပါတယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊ ဓာတ်ပုံ-မင်းမင်းထွန်း
မိတ်ကပ်- Gucci Aung ၊ ဝတ်စုံဒီဇိုင်း- ပုံ့ဟေခင်


LEAVE A REPLY

Please enter your comment!
Please enter your name here