စိန်တင်ဟန်နှင့် စိန်တင် လင်မယားအစစ်ဖြစ်ပါသည်ရှင်

0
166

naymyo

လူငယ်ဘဝ ၁ဝတန်း ကျောင်းသားအရွယ်တွင် စာဖတ်ဝါသနာပါလာပါသည်။ စာဖတ်ဝါသနာဟုဆိုရာ တွင် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးမှ အစ ပြုကာ အခြားစာတိုပေစများကိုပါ ဖတ်ရှု ရန်ဝါသနာပါလာခြင်းကိုဆိုလို ပါသည်။ ကျွန်တော်လူငယ်ဘဝ စာဖတ်ဝါသနာပါလာသော အချိန် တွင် အဖေ့စာအုပ်အချို့ကို ယူ၍ ဖတ်ရှုကြည့်မိပါသည်။ (အဖေ့ စာအုပ်ဟုဆိုရာတွင် အဖေ့၏ မှတ်စု)ဒိုင်ယာရီများကို ယူငင်၍ ဖတ်ရှု ကြည့်ခြင်းပင်ဖြစ်ပါသည်။ အဖေသည် သဘင်သည်တစ်ယောက်၊ ဆိုင်း ဆရာတစ်ယောက်ဖြစ်လင့်ကစား ဒိုင်ယာရီရေးရာတွင် အလေ့အကျင့် ရှိသူဖြစ်ပါသည်။ အဖေ့စာအုပ်ထဲတွင် သူဆိုင်းပွဲတီးရမည်။ မြို့များ၊ နယ်များ၏ ကျေးရွာများနှင့် ရက်စွဲ များကို မှတ်သားထားသလို၊ သူ၏တပည့်ဆိုင်းအဖွဲ့သားများက အဖေ့ ထံမှ အသုံးငွေထုတ်ယူကြပုံ စာရင်းကို လည်း ရေးမှတ်ထားကြောင်းတွေ့ရ ပါသည်။ ဥပမာဆိုရလျှင် ၁၃၅ဝ ခုနှစ် နတ်တော်လဆန်း (၅)ရက်ည အဝင်အိုင်ကြီး စသည့် အလှူပွဲရက်နှင့် နေရာကို မှတ်သားထားသလို၊ မောင် ပု- ၂ိ/၊ အတာ-၃ိ/၊ ဝင်း ကြိုင်-၂ိ/၊ ကျော်ကြီး-၆ိ/ စသည်ဖြင့် အသုံးငွေ စာရင်းများ မှတ်သားထားသည်ကို လည်း တွေ့ရပါသည်။

ထိုမျှမကသေး၊ အဖေသည် သူ၏စာအုပ်ထဲတွင် မြို့တော် သိန်း အောင်ပုံပါ စာတန်းထိုးလျက် ပြည့် ပြည့်ဝဝမင်းသားတစ်ဦး၏ ဦးခေါင်း ပိုင်းပုံကို ပုံကြမ်းရေးထားသည်ကို လည်းကောင်း၊ ရွှေနန်းတင်ဟု စာ တန်းထိုးလျက် သွယ်လျသော မျက် နှာနှင့် ပြုံးနေသော မင်းသားတစ်ဦး ၏ ဦးခေါင်းပိုင်းပုံကြမ်းကိုလည်း ကောင်း၊ ဦးသြဘာဟုစာတန်းထိုး လျက် ရယ်မောနေဟန် လူရွှင်တော် ကြီးတစ်ဦး၏ မျက်နှာပုံကြမ်းကို လည်းကောင်း၊ ရေးဆွဲထားကြောင်း တွေ့ရပါသည်။ အဖေသည် သူနှင့် လုပ်ဖော်ကိုင်ဖက်များကို ဤသို့ချစ် ခင်စွာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်တန် ရာပါသည်။

ဤနေရာ အရောက်တွင် ယခု စာစု၏ ခေါင်းစဉ်ကိုပြန်၍ သွားပါ မည်။ အဖေသည် သူ့စာအုပ်တစ်အုပ် လုံးကို ဤသို့ စာသားများဖြင့် အပြည့် ရေးထားပြီး အဖေ့စာအုပ်၏ ဖွင့် လျှင်ဖွင့်ချင်း ပထမစာမျက်နှာတွင် အမေ့လက်ရေးဖြင့် ရေးသားထားသော” စိန်တင်ဟန်နှင့် စိန်တင် လင်မယားအစစ်ဖြစ်ပါသည်ရှင်++ဟူသော ဝါကျကို တွေ့ရပေ သည်။ အမေ့လက် ရေး ရှည်မျောမျောကလေးများသည် စာမျက်နှာပေါ်မှာ ထင်းနေပါသည်။ ကျွန်တော်သည် အမေ့ဝါကျကို ဖတ်ပြီး ပြုံးမိပါသည်။ ထို့နောက် ကျေကျေနပ်နပ်ပင် မှတ်ချက်တစ်ခုချ နိုင်ခဲ့ပါသည်။ အော်.. အမေက ဒီလိုကိုးဟု ဖြစ်ပါသည်။

အဖေသည် အမေရေးထား သော ဝါကျကို ဖျက်မပစ်ပါ။ အမေ သည် မည်သည့် ခွင့်ပြုချက်ဖြင့် ဤ ဝါကျကို ရေးခဲ့ပါသနည်း။ မည်သည် တိုက်တွန်းနှိုးဆော်ချက်နှင့် ဤဝါကျ ကို ရေးခဲ့ပါသနည်း။ ထိုစဉ်က ကျွန်တော်သည် မနူးမနပ်လူငယ်ဘဝ ဖြစ်ရာ ထိုစာအုပ်ကို ယူလာပြီး အဖေ နှင့် အမေ့အနီးတွင် ခပ်ကျယ်ကျယ် ဖတ်ပြခဲ့ပါသည်။ အမေက ခပ်တည် တည်ရှိနေပါသည်။ အဖေကလည်း ဘာမျှ မပြောပါ။ အမေသည် အရပ် သူတစ်ယောက်ဖြစ်ပါသည်။ အမေ သည် ဆေးလိပ်သမတစ်ယောက်ဖြစ် ပါသည်။ အမေသည် အဖေ့ကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပါ သည်။ ထိုအချက်ကို နောင်အခါတွင် ကျွန်တော်တစိမ့်စိမ့်တွေး ကြည့်နိုင် ခဲ့ပါသည်။ အမေ့ဒိုင်ယာရီထဲတွင် သီချင်းရေးလက်စ စာသားများ အသံ ကို မှတ်သားထားသော ကိန်းဂဏန်း များပါရှိပါသည်။ သို့ရာတွင် သည် စာအုပ်တစ်ခုလုံးကို အမေ့ဝါကျတစ် ကြောင်းတည်းဖြင့် သိမ်းပိုက်နိုင်ခဲ့ ပေပြီ။ နှစ်တွေကြာမြင့်ခဲ့ပါပြီ။ အဖေ ကွယ်လွန်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုပင် ကျော်လွန်၍ လာခဲ့ပေပြီ။ အမေကွယ်လွန်ခဲ့သည်မှာလည်း ဆယ်စုနှစ်ထက်ဝက်ခန့် ရှိပေပြီ။ ထို ဒိုင်ယာရီစာအုပ် အဟောင်းကလေးကို ရှာဖွေ၍ တစ်နေ့နေ့တွင် ဖတ်ရှုကြည့် ပါဦးမည်။ အမေ့ရဲ့ ဝါကျကိုလေ…။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here