ပန်းချီ၊ ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းက မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေ ဒါရိုက်တာ အဖြစ်ရိုက်ကူးမယ့် ရှင်ဥပဂုတ္တ ရုပ်ရှင်ဇာတ်ကားမှာ မာရ်နတ်အဖြစ်သရုပ်ဆောင်သွားမှာပါ။ မာရ်နတ်ဇာတ်ရုပ်အတွက်လည်း သူ့အနေနဲ့ ကြိုတင်ပြင်ဆင်နေပြီဖြစ်သလို ဒီဇာတ်ကားမှာ အဓိကဇာတ်ပို့နေရာက သရုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။ ကိုအောင်ကျော်ထွန်းအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ဆိုရင် အခုလက်ရှိ ရိုက်ကူးမယ့် ရုပ်ရှင်ကသူ့အတွက် ၂ကားမြောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုအနေနဲ့ကတော့ တစ်ကားရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ်။
သူ့အနေနဲ့ကတော့ ဇာတ်သဘင်စင်မြင့်မှာလည်း ဇာတ်တော်ကြီးတွေ၊အော်ပရာတွေ၊ပြဇာတ်တွေမှာ ပါဝင်တင်ဆက် ကပြနေကျဖြစ်တဲ့အတွက် သရုပ်ဆောင်ခြင်း အတတ်ပညာကတော့ သူ့အတွက် မစိမ်းဘူးလို့ပဲပြောရမှာပါ။ ” ကျွန်တော့်အနေနဲ့ ပထမအားသန်တာက စင်ပေါ်မှာတင်ဆက်ရတာပါ။ ပွဲတော်ကြီးတွေမှာလည်းတော်တော်များများ ကျွန်တော်က ပြဇာတ်တင်ဆက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ဘက်မှာကျတော့ Close up တွေဘာတွေကြောင့် ကိုယ့်ရဲ့အရှိန်ကိုလျှော့ပြီး သရုပ် ဆောင်ရတာပေါ့။ ဇာတ်မှာကျတော့ ပရိသတ်တွေက အဝေးကကြည့်ရတာဆိုတော့ဇာတ်ရဲ့ဟန်ဆိုတော့ နည်းနည်းလေးပိုပြီး သရုပ်ဆောင်ရတာပေါ့။ ကျွန်တော်ကတော့ အနုပညာအပေါ်မှာ ရူးသွပ်နေတဲ့သူဆိုတော့ ဘာပဲသရုပ်ဆောင်ရ၊ သရုပ် ဆောင်ရ မရှက်မကြောက်နဲ့ အရင်တုန်းကဆိုရင်လည်း ပြည်ပမှာပါဖောမန့်အနေနဲ့ ကခဲ့ဖူးတဲ့အတွက်ကြောင့် သရုပ်ဆောင် အလုပ်က ကျွန်တော့်အတွက် ခက်ခဲတယ်၊ မခက်ခဲဘူးဆိုတာထက်ကို စိတ်ပါဝင်စားမှုကတော့ အပြည့်ရှိနေတာပေါ့” လို့ ကိုအောင်ကျော်ထွန်းကပြောပြပါတယ်။ ကိုအောင်ကျော်ထွန်းက ရှင်ဥပဂုတ္တ ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင်အပြင်၊ ဇာတ်ကားအတွက်လိုအပ်တဲ့ Costume ပိုင်း၊ Make up Effect ပိုင်းတွေကိုလည်း စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
လင်းအက္ခရာ