သကြားပုလင်းထဲရောက်သွားတဲ့ ပုရွက်ဆိတ်ကလေး

0
133

nmyo

ငါ့ဆီမှာ သကြားပုလင်းတစ်ခုရှိတယ်။ သကြားပုလင်းကို ပန်းကန်စင်ပေါ်မှာ ငါထားတယ်။ ပန်းကန်စင်က ငါ့အခန်းအဝင်ဝ ဘယ်ဘက်မှာ။ တစ်ညနေ ငါ့အခန်းကိုပြန်ရောက်တော့ သကြား ပုလင်းကို ယူကြည့်မိတယ်။ ကော်ဖီကြမ်းတစ်ခွက် လောက် ဖျော်သောက်မလို့ပါ။ ကော်ဖီမှုန့်ရယ်၊ ရေနွေး ပူပူရယ်၊ သကြားအနည်းငယ်ရယ် ဒါပါပဲ။ အဲဒါက ငါ့အတွက် ကော်ဖီကြမ်းပါပဲ။ ငါဟာ လက်ထဲက သကြား ပုလင်းကို သေသေချာချာကြည့်မိတော့ ပုရွက်ဆိတ်တစ်ကောင်ကို တွေ့ရတော့တယ်။ ပုရွက်ဆိတ်ဟာ သကြားပုလင်းထဲကို ရောက်နေလေတော့တာ။ ငါဟာ သကြားပုလင်း အဖုံးကို သေသေချာချာကြည့်မိတယ်။

ပုရွက်ဆိတ်ဟာ သကြားပုလင်းထဲကို ဘယ်လိုများ ဝင်ရောက်သွားပါလိမ့်။ အဲဒီနေ့က ငါကော်ဖီ မသောက် ဖြစ်ဘူး။ သကြားပုလင်းထဲက ပုရွက်ဆိတ်ကိုပဲ ကြည့် နေမိတယ်။ ပုလင်းထဲမှာ သကြားက ထက်ဝက်လောက် ရှိနေသေးတယ်။ ပြီးတော့ သကြားက ခြောက်သွေ့တဲ့ သကြားပါ။ သကြားပွင့်ဖြူဖြူကလေးတွေထဲမှာ တရွေ့ရွေ့သွားနေတဲ့ ပုရွက်ဆိတ်ကိုမြင်ရတယ်။ သဲ ကန္တာရကြီးထဲမှာ ခရီးသွားနေတဲ့လူတစ်ယောက်ကို သတိရစေတယ်။ ငါဟာ သကြားပုလင်းထဲက ပုရွက် ဆိတ်ကို ဘယ်လိုဖယ်ရှားရမလဲလို့ စဉ်းစား ကြည့်နေမိ တယ်။ သကြားပုလင်းထဲမှာ အောက်ဆီဂျင် (လေထု) ရှိတယ်။ အဲဒီလေထု (အောက်ဆီဂျင်) ဟာ ပုရွက်ဆိတ် ကို ရက်အတော်ကြာကြာ ရှင်သန်နေထိုင်စေနိုင်လိမ့် မယ်လို့ ငါထင်တယ်။ နောက်တော့ ငါဟာ သကြား ပုလင်းကို ပန်းကန်စင်ပေါ်မှာပဲ ပြန်ထားလိုက်တယ်။ မှန်ပါတယ်။ ပုရွက်ဆိတ်ဟာ သဲကန္တာရကြီးထဲ ခရီးလှည့် လည်နေတဲ့သူလို သကြားပွင့်တွေထက်မှာ လျှောက် သွားနေတယ်။ တစ်ခါတလေ သူဟာ ပုလင်းရဲ့ ဖန် သားမျက်နှာပြင်ထက်ကို တက်လာတယ်။ ပြီးရင်တော့ သကြားပွင့်တွေရှိရာဆီကိုပဲ ပြန်ပြီး ရောက်သွားတယ်။

ငါကော်ဖီ မသောက်ဖြစ်ဘူး။ ငါ့ကော်ဖီခွက် ပူပူထဲမှာ ပုရွက်ဆိတ်တစ်ကောင် ပါလာမှာကို ငါမလို ချင်ဘူး။ အဲဒီနေ့က သကြားပုလင်းကို ဒီအတိုင်းပဲ ထား လိုက်တယ်။ နောက်တစ်နေ့ရောက်တော့ ပန်းကန်စင် ပေါ်က သကြားပုလင်ကို ငါကြည့်လိုက်မိပြန် တယ်။ ဟို နေ့ကမြင်တွေ့ခဲ့ရတဲ့ ပုရွက်ဆိတ်ကို မတွေ့ရတော့ဘူး။ ငါဟာ သကြားပုလင်းကို နည်းနည်းလှုပ်ကြည့်တယ်။ မှန်ပါတယ်။ ပုရွက်ဆိတ်မရှိတော့ဘူး။ ပုရွက်ဆိတ် တစ်ကောင်ဟာ သကြားမှုန်တွေထဲမှာပဲ ကြာရှည်မနေ နိုင်ဘူးထင်ပါရဲ့။ ဒါမှမဟုတ် ပုရွက်ဆိတ်ဟာ မြေကြီး ကိုလွမ်းဆွတ်လို့ ပြန်သွားတာလည်း ဖြစ်ကောင်းဖြစ်ပါမယ်။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here