One Band Show ပြုလုပ်မယ့် သာဒီးလူ

0
178

Thar Dee Luu

၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ မြန်မာပြည် ရော့ခ်ဂီတရပ်ဝန်းတွင် ပရိသတ်သတိထားမိလာတဲ့ အဆိုတော်တစ်ဦးရှိပါတယ်။ သူကတော့ သာဒီးလူပါ။ သာဒီးလူက ထက်နေခြည်၊ ကိုကိုမောင်တို့ နဲ့အတူ အတွဲစီးရီး တစ်ခွေလည်းထွက်ရှိခဲ့ဖူးသူဖြစ်ပြီး သူ့ရဲတီးဝိုင်း The Key နဲ့အတူ “ပြယုဂ်”ဆိုတဲ့ စီးရီးထွက်ရှိလာခဲ့ခြင်းက သူ့ကိုမြန်မာ့ဂီတလောကမှာ နေရာတစ်နေရာ ရနိုင်စေခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂီတလောကမှာ ပုံစံမျိုးစုံနဲ့ ကျင်လည်ခဲ့တဲ့ သာဒီးလူကို အခုလက်ရှိ သူ့ရဲ့အနေအထားအပေါ် ဘယ်လို ပြန်မြင်မိလဲဆိုတော့…

” ဒီတိုင်းပါပဲ။ ဟိုအရင်ကလည်း ဒီလိုပဲ လျှောက်သွားလာ၊ စားသောက်၊ ဒီတိုင်းပဲ။ခုလည်းဒီတိုင်းပဲ။ ဒါပေမဲ့ အရင်ကတော့ လိုင်းကားစီးရတာပေါ့။ အခုတော့ တက်ခ် စီလေးစီးနိုင်လာတာပေါ့။ ပြောရရင်တော့ နည်းနည်းလူရာဝင်လာတာပေါ့။ ဒီလောက်ပါပဲ” လို့ သာဒီးလူက ပြောပါတယ်။ သာဒီးလူက သူတို့ The Key ရဲ့ “ပြယုဂ်” စီးရီး DVD ကိုလည်း ထွက်ရှိနိုင်ခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့ကတော့ အသံပိုင်းကိုပဲ ပိုဦးစားပေးသဘောကျပြီး DVD/ MTV ရိုက်ကူးမှုအပိုင်းကိုတော့ စိတ်ဝင်စားတဲ့အထဲမှာ မပါဘူးလို့လည်း ဆိုပါတယ်။ ” အဆိုတော်တစ်ယောက် အနေနဲ့ MTV ပါလုပ်ရတဲ့အခါ မင်းသားကြီးလုပ်ရတဲ့အပိုင်းတွေရှိတယ်။ ဒါအဆိုတော်နဲ့ သိပ်တော့ မဆိုင်ဘူး ထင်တယ်ဗျ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာကလည်း ဒီလိုမှသရုပ်မဆောင်ရင် ဒီလို မှ MTV မထွက်ရှိဘူးဆိုရင် လူရာမဝင်တဲ့ သဘောမှာဖြစ်နေတယ်။ MTV ထွက်ရှိမှပဲလူရာဝင်မယ်။ လူရာဝင်မှပဲ ဒီအလုပ်ဆက်လုပ်လို့ရမယ်။ ဒီလို ပေါ့။ ဒါပေမဲ့ ပရိသတ်ကို လူကိုယ်တိုင် အရုပ်မှတ်တမ်းလေးတွေနဲ့ ပရိသတ်ကို ဖျော်ဖြေတဲ့သဘောပေါ့။ ကျွန်တော် တို့ကတော့ အသံကိုပဲ ပိုအားရတယ်။ သီချင်းပဲဆိုမယ်။ သီချင်းပဲရေးမယ်။ Audio ပိုင်းကို ဦးစားပေးပြီး လုပ်သွားမှာပါ။ ဒါပေမဲ့ MTV ရိုက်ကူးမယ်ဆိုလည်း ကိုယ့်စိတ်ကြိုက်အပုဒ်တွေကို သေချာစိစစ်ဂရုစိုက်ပြီးလုပ်သွားမှာပါ” လို့ သာဒီးလူက ပြောပါတယ်။

မတ်လအတွင်းမှာလည်း The KEY ရဲ့ One Band Show တစ်ပွဲ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့်ဒီပွဲနဲ့ ပတ်သက်လို့  သာဒီးလူက ..” DVD ထွက်ရှိခြင်း ပရိုမိုးရှင်း ပွဲသဘောပါပဲ။ အရှေ့မှာ CD ထွက်ရှိတုန်းကလည်း တစ်ပွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက သိပ်အားမရခဲ့တာတွေ ဘာတွေလည်းရှိတယ်။ ဒီပွဲကတော့ Outdoor ပေါ့။ ၃လပိုင်း ၁၉ရက်နေ့လုပ်ပါမယ်” လို့ သာဒီးလူ ကပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here