မြန်မာ ပေါကားများ ရပ်တော့မည်လား

0
175

film

ဒီတစ်ပတ်ဆင်ဆာကြည့်ခဲ့ရသော ရုပ်ရှင်ဇာတ်ကားများကိုဖြင့် အားရမိသည်။ ဟာသဇာတ်ကားများက ပိုက်ဆံရသဖြင့် ဇာတ်လမ်းဇာတ်အိမ် မခိုင်ခံ့ဘဲ လူရွှင်တော်တစ်ပုံကြီးနှင့် ရယ်ရပြီး ရော၊ အမျိုးမျိုးပေါပြနေသော ရုပ်ရှင်ဇာတ်ကားကြီးများ တစ်နေ့တခြား စိတ်ကုန် ဖို့ကောင်းနေပေပြီ။ကျးလက်တောရွာ အခြေခံပြီး ကျေးလက်လူတန်းစား ရိုးသားကြောင်း၊ ချစ်စရာ ကောင်းကြောင်းမပြဘဲ ပညာမဲ့ခြင်း၊ အတင်းပြောခြင်း၊ အရက်သောက်၊ ကြက်တိုက်၊ ဖဲရိုက်၊ ရန်ဖြစ်၊ တစ်ရွာနှင့်တစ်ရွာ ရန်စောင်၊ အကြောင်းအမျိုးမျိုးနှင့် အချင်းချင်းမသင့်မမြတ် အော်ကြီး ဟစ်ကျယ် လူစုလူဝေးနှင့် အောက်လုံးတွေ လှိုင် လှိုင်သုံးပြီး ပေါချင်တိုင်း ပေါနေသော ရုပ်ရှင်ဇာတ် ကားများသည် ကမ္ဘာကို ထိုးဖောက်ဖို့ နေနေသာသာ အမြင့်ကိုတက်လှမ်းမည့် အစားအောက်သို့ တဖြည်းဖြည်း ထိုးဆင်းနေသည် မဟုတ်ပါလား။

ယခုတလော ပေါကားများကြားထဲမှာ ဆင်ဆာဖြတ် စရာမရှိအောင် ပြစ်ချက်ကင်းသော ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်လုံသော၊ ပြည်သူများကို ကောင်းသောရည်ရွယ်ချက်များ ပေးနိုင်သည့် ရုပ်ရှင်ဇာတ်ကားတချို့ ပေါ်ထွက်လာတာ တွေ့ရတော့ ရုပ်ရှင်ဗီဒီယိုဆင်ဆာအဖွဲ့ဝင်အဖြစ် ပင်ပင်ပန်း ပန်းဝင်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်လောကသားများ၏ အမုန်းခံရ ကျိုးနပ်သွားပါသည်။

ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၏ “သူငယ်” ဇာတ်ကားကိုကြည့်လိုက်တော့ အောက်ပိုင်းပြက်လုံးမပါ။ ရိုင်းပျသည့် အသုံးအနှုန်းများလည်းမပါဘဲ သဘာဝကျကျ ရယ်ရတာ တွေ့ရပါသည်။ နောက်တစ်ခါ ကိုဇော် (အရုဏ် ဦး) ရိုက်ကူးသော “ရန်ဖြစ်လိုက် ပြန်ချစ်လိုက်” ဇာတ်ကားဖြစ်ပါသည်။’ အမေပေးသော လယ်တစ်ကွက်” ကို အမည်ပြောင်းထားသည့် ရုပ်ရှင်ဖြစ်ပါသည်။ ပြေတီဦး နှင့် ခိုင်သင်းကြည်တို့က ဘဝတွင် ထင်သလို မဖြစ်သော်လည်း အခက်အခဲကို ကြိုးစား ရုန်းကန်ရပုံများကို ဟာသနှော၍ ပြောပြသွားပါသည်။ (ပေါကားမဟုတ်၊ တကယ်ရယ်ရသော ဇာတ်ကားဖြစ်ပါသည်။)နောက်တစ်ကားကတော့ ဒါရိုက်တာ အိအိခိုင်၏ “သရဲဆိုတာချိုနဲ့လား” ဖြစ်ပါသည်။ အမျိုးသမီး ဒါရိုက်တာမို့ ရိုက်ကူးတင်ပြပုံသိမ်မွေ့သည်။ သရဲသည် ကြောက်စရာ မကောင်း၊ ချစ်စရာကောင်းနေသည်။ ဇာတ်ဆောင်သစ် အဆိုတော် ဇွဲပြည့်နှင့် ယမင်းမေဦးတို့အား ပွဲထုတ်ထားသည်။ ယမင်းမေဦးသည် ပါဝင်ရသော စရိုက်နှင့်လိုက်အောင် စိတ်ထားဖြူစင်သည့် မိန်းကလေးအဖြစ် သရုပ်ဆောင်ထားပုံမှာ အလွန် ချစ်စရာကောင်းသည်။ အသင်အပြကောင်းသော ဒါရိုက်တာ အိအိခိုင်အား ချီးကျူးရပေသည်။ ထိုဇာတ်ကားသည်လည်း ဆင်ဆာလုံးဝမဖြတ်ပါ။

နောက်ဆုံး ဇာတ်ကားကောင်းတစ်ကားအဖြစ် သတ်မှတ်ရမည့် ဇာတ်ကားမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ၏ “အလီဘာဘာနှင့် ခိုးသားငါးယောက်” ဖြစ်သည်။ ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ဆင်မ၊ အုန်းသီး၊ ဇော်ဝင်းနိုင်၊ ဖိုက်စတား အဖွဲ့နှင့် အနုပညာရှင်များစွာ ပါဝင်သည်။ဖိုက်စတားအဖွဲ့ဝင် ဟာသလူရွှင်တော် အောင်သော်က သူ့အိမ်ကိုတောင်ရောင်းပြီး ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တာဟုဆိုသည်။ ထင်တောင်မထင်ထားပါ။ သည်လို ဇာတ်လမ်းရှိရှိ၊ သဘာဝကျကျ ပညာပေးထားသော ဇာတ်ကားသည် ရယ်လည်းရယ်ရသည်။ ငိုလည်း ငိုရသည်။ဇာတ်လမ်းမှာ သူခိုးငါးယောက်သည် ရတနာမြေပုံအရ သည်ကျေးရွာလေးကို ရောက်ရှိလာပြီး ရတနာများကို ရှာမရသောအခါ ရွာသူ၊ ရွာသားများ ချွေးနဲစာဖြင့် ဓမ္မာရုံ ဆောက်ရန် စုထားသောငွေများကို ခိုးယူသွားသည်။ မလှစုန်းမျိုး၊ မရှိ ခိုးနိုး ဆိုသည့်စကားအတိုင်း ရွာသားများက ရွာမှ မိဘမဲ့ ပိုလီယိုဖြစ်နေသည့် စိစိအားသူခိုးဟုစွပ်စွဲကာ ရိုက်နှက်စစ်ဆေးကြသည်။ စိစိဒုက္ခရောက်တာ မကြည့်ရက်၍ သူခိုးငါးယောက်က သူတို့ခိုးတာဝန်ခံပြီး ရတနာမြေပုံအား ရွာသို့ ပေးအပ်ပုံ၊ ရွာသူရွာသားများ ကြိုးစားရှာဖွေကြ၍ ရတနာသေတ္တာကိုတွေ့ရှိချိန်တွင် ရဲများရောက်လာသဖြင့် သူခိုးများ အားဖမ်းပြီး ရတနာသေတ္တာအား နိုင်ငံတော်သို့အပ်ရန် ယူသွားပုံများ ရိုက်ကူးပြထားပါသည်။ ဆင်ဆာမဖြတ်ဘဲ ဇာတ်သိမ်းတွင် နိုင်ငံတော်သို့ ရှေးဟောင်း ပစ္စည်းများအပ်သဖြင့် ပြန်လည်၍ ဆုအဖြစ်ရရှိသည့် ငွေများနှင့် ဓမ္မာရုံကြီးဆောက်ပြီးသွားပုံ ရိုက်ကူးလျှင် ပို၍ ရည်ရွယ်ချက်ကောင်းသွားမှာကို အကြံပေးခဲ့ပါသည်။

ထိုကဲ့သို့ ဇာတ်ကားကောင်း၊ ဇာတ်ကားသန့်များ အပျင်း ပြေသဘော၊ အပျော်သဘော ကြည့်ရှုရုံ မဟုတ်ဘဲ ရုပ်ရှင်ကြည့် ပရိသတ်ကို စိတ်ကောင်းစိတ်မြတ်များ ဝင်လာအောင် ခံစားမှု ပေးတတ်သော ရုပ်ရှင်ဇာတ်ကားများ ပေါ်ထွက်လာသည်ကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူကြိုဆိုပါသည်။ ထိုမှတစ်ဆင့် အနုပညာ၊ အတတ်ပညာများ တိုးတက်လာ၊ ကမ္ဘာ့ပရိသတ်ကိုပါ မိမိယဉ်ကျေးမှု၊ မိမိလူမျိုး၏ ဂုဏ်ယူဖွယ်ရာ စရိုက်၊ သတ္တိ၊ စိတ်ဓာတ်များကို ပြသရင်း မြန်မာရုပ်ရှင် ဇာတ် ကားကောင်းများ ထွက်ပေါ်လာနိုင်ပါစေဟု ဆုတောင်းရင်း မြန်မာ့ရုပ်ရှင် ဈေးကွက်ကမ္ဘာသို့ ထိုးဖောက်ရန် မျှော်လင့်မိ ပါသည်ရှင့်။

တက္ကသိုလ် ယဉ်ယဉ်လဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here