ဇာတ်ပို့တွေအတွက် အကယ်ဒမီဆိုတာ အိပ်မက်တစ်ခုလိုပါပဲ ဂွမ်းပုံ

0
196

Gon Pone

တက္ကသိုလ်ဂွမ်းပုံက သူ့ရဲ့ အနုပညာသက်တမ်း ၃၁ နှစ်တာကာလအတွင်းမှာ အဓိကဇာတ်ဆောင်အဖြစ် “ဘောစိ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး ပရိသတ်တွေက လည်း “ရိုစီ” ဇာတ်ရုပ်ကို တစ်ခဲနက်အားပေးခဲ့ကြသလို အခုနှစ်အကယ်ဒမီအတွက်လည်း တစ်ကြိုပေးခြင်းခံနေရပါတယ်။ ၂ဝ၁၅ ခုနှစ် အကယ်ဒမီတုန်းက “ဤအရာကို အချစ်ဟုခေါ်သလား” ဇာတ်ကားနဲ့ ဘဝအတွက် ပထမဆုံးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ဂွမ်းပုံကို အခုနှစ်အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် အကယ်ဒမီ ရင်ခုန်သံကို မေးမြန်းတော့..

” မဂွမ်းရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ဇာတ်ဆောင် အနေ နဲ့က “ဘောစိ”ဆိုတဲ့ ဇာတ်ကားတစ်ကားပဲ ရှိတာပါ။ ကျန်တဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာက ဇာတ်ပို့အနေနဲ့ ပဲ ရိုက်ကူးခဲ့ရတာပါ။ မဂွမ်းရဲ့ အကယ်ဒမီကလည်း အကောင်းဆုံး ဇာတ်ပို့ဆုပဲရရှိခဲ့တယ်။ “ဘောစိ” ဇာတ်ကားက ပထမတော့ ဇာတ်ပို့အနေနဲ့ ငှားခဲ့တာပါ။ ဇာတ်ကားမှာ မဂွမ်းရဲ့ဆင်းန်ကလည်းများတယ်။ နောက်တစ်ဆင့်တက် ပြီး မင်းသမီးနေရာမျိုးက သရုပ်ဆောင်ခဲ့ရ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ခဲ့တာပါ။ မဂွမ်းတို့လို ဇာတ်ပို့တွေအတွက် အကယ်ဒမီဆိုတာ အိပ်မက်တစ်ခုလိုပါပဲ။ မင်းသား၊ မင်းသမီးတွေအတွက် တစ်နေ့နေ့မှာ အကောင် အထည်ပေါ်လာနိုင်ပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံ တွေအတွက် တော့ ဝေးပါတယ်။ မမျှော်မှန်းနိုင်တဲ့အရာတစ်ခုက ဖြစ်လာရင် ကောင်းပေမယ့် မဖြစ် လာရင် ဝမ်းနည်းရပါတယ်။ ဒါကြောင့် မဂွမ်းကို ရနိုင်လောက်တယ်နော်လို့ ပြောတာနဲ့တင် အတော်လေး ဝမ်းသာရပါပြီ။ ဒီနှစ်က ဇာတ်ကားတွေလည်းများတယ်။ သက်မွန်တို့၊ အေးမြတ်သူ တို့ကလည်း ကောင်းကြ တယ်။ မဂွမ်းတို့က ဟာသချည်းပဲ ဆိုတော့ မမျှော်မှန်းရဲပါဘူး” လို့ ဂွမ်းပုံက ပြောပါတယ်။ ဂွမ်းပုံက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားထဲမှာ ပက်ထရစ်ရှာ၊ ပွင့်တို့နဲ့အတူ ကျောင်းသူဇာတ်ဝင်ခန်း တချို့ကို ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဂွမ်းပုံအနေနဲ့ကလည်း မင်းသမီးတော်တော်များများရဲ့ သူငယ်ချင်းဇာတ်ရုပ်ကို အချိန်အတော်ကြာ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူ အသွင်နဲ့ ဒီကနေ့အချိန်ထိ ပရိသတ် တွေအမြင်မှာ စွဲနေတဲ့ ဂွမ်းပုံအတွက်တော့ နောက်ပိုင်းမှာ အသက်အရွယ်ပေါ် မူတည်ပြီးပဲ ဇာတ်ကားတွေ ကမ်းလှမ်းကြတယ်လို့ ဆိုပါတယ်။

” ဒါရိုက်တာတွေလည်း နောက်ပိုင်း မဂွမ်းတို့ကို တက္ကသိုလ်ကျောင်းသူဆိုပြီး မငှားကြတော့ပါဘူး။ ဟိုးအရင်က ဇာတ်ကားလေးတွေ ပြန်ပြနေကြလို့သာမဂွမ်းကို ကျောင်းသူလေးဆိုပြီး မြင်နေကြ တာပါ။ မဂွမ်း ကို ဇာတ်ကား ရိုက်ကူး ဖို့လာငှားတဲ့အခါ မဂွမ်းရဲ့ အသက် အပိုင်းအခြားအရ အသက် ၄ဝ ကျော် မိန်းမတစ်ယောက်၊ ဒါမှမဟုတ် မင်းသမီး၊ မင်းသားတွေရဲ့ အမေ ပုံစံမျိုးတွေ၊ သူကြီးကတော် ပုံစံမျိုးတွေ၊ အပျိုကြီးမမ ပုံစံမျိုးတွေပဲ လာပါတော့တယ်” လို့ ဂွမ်းပုံ ကပြောပါတယ်။ ဂွမ်းပုံက ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ဟန်နီနဲ့ဖီဖီ” ဇာတ်ကားမှာလည်း လူမင်း၊ ကျော်ကျော်ဗို၊ ခိုင်သင်းကြည်တို့နဲ့အတူပါဝင်သရုပ်ဆောင် ထားပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here