အခွန်ပေးဆောင်သည့် အနုပညာရှင် စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်း အခွန်ပေးဆောင်ရန် ဆက်သွယ်သည့် အနုပညာရှင် များရှိလာ

0
305

အခွန်ပေးဆောင်သည့် အနုပညာရှင် ၁၉ ဦးသာ ရှိကြောင်း စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်း အခွန်ပေးဆောင်ရန် အခွန်ရုံးသို့ လာရောက် ဆက်သွယ်သည့် အနုပညာရှင် များရှိလာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ ကပြောသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန်လာရောက် ပေးဆောင်သော အနုပညာရှင်စာရင်း မှာ ၁၉ ဦးသာရှိပြီး ကျန်အနုပညာရှင်များ အားလုံး လာရောက် အခွန်ပေးဆောင် ခြင်း မရှိသေးကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း သက်ဆိုင် ရာ မြို့နယ် အခွန်ရုံး များသို့ အခွန် ပေးဆောင်ရန် လာရောက် ဆက်သွယ်သည့် အနုပညာရှင် များရှိ နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

“လာဆက်သွယ် ကြတယ်။ သက်ဆိုင်ရာ မြို့နယ် ရုံးတွေကနေ တနင်္လာနေ့ လောက်ကျရင်တော့ စာရင်းသိရမှာပါ” ဟု ဆိုသည်။ ထို့အပြင် အခွန်မဆောင် ရသေးသော အနုပညာရှင် များကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ အကယ်ဒမီပေးပွဲ ဖိတ်ကြားသည့် ဖိတ်စာများ အတွင်း အခွန်ဆောင်ရန် ကိစ္စ ကိုပါထည့်သွင်းသတိပေး ပြောကြား ထားသည်ဟု သိရကြောင်း ဦးမင်းထွဋ်က ဆိုသည်။

လက်ရှိတွင် အခွန်ပေးဆောင်ရန် လာရောက် ဆက်သွယ်ထားသည့် ရုပ်ရှင် အနုပညာရှင်များ စာရင်းကို မသိရှိရသေးကြောင်း ၊ ၄င်းတို့ နေထိုင်ရာ မြို့နယ်အလိုက် အခွန်ရုံး များတွင် အခွန်ဆောင် ရခြင်းဖြစ်သဖြင့် စာရင်းချုပ်ပြီးမှ သာလျှင် အတိအကျ သိရှိရ မည်ဖြစ်ကြောင်း အခွန်ဦးစီးဌာနက ဆိုသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ခဲ့သော အခွန်ပေးဆောင်သူ ရုပ်ရှင် အနုပညာရှင် များ စာရင်းအရ နာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီးများ၊ အကယ်ဒမီ ဆုပိုင်ရှင် အများစုမှာ အခွန် မပေးဆောင် ရသေးသူများ ဖြစ်နေ သည်ကို တွေ့ရသည်။ ယခုနှစ် ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ လကုန်ပိုင်းအထိ ရုပ်ရှင်သရုပ်ဆောင်များ အခွန်ပေးဆောင် ထားသူများစာရင်းတွင်  နေတိုး၊ ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင် ၊ခန့်စည်သူ ၊ သက်မွန်မြင့် အပါအဝင် အနုပညာရှင် ၁၉ ဦးသာရှိ သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here