ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်တော့မယ့် ရတနာဗို

0
261

Yadanar Bo

သရုပ်ဆောင်ရတနာဗိုက ကိုယ်ပူကြီးပြီး အာသီးရောင်ဖျားနာခြင်းကို ကုသရာ ဆေးမတည့်ဘဲ Allergic တွေ ဖြစ်လာတာကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က Sumrungrad International ဆေးရုံမှာ ၁၅ရက်ခန့် ထပ်မံဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်ကလည်း ဆေးနဲ့ မတည့်တဲ့ Allergic ရှိတာကို မသိခဲ့ဘူးလို့ ရတနာဗိုက ပြောပါတယ်။

” ညီမက အစကတော့ ပုံမှန်ကိုယ်ပူကြီးပြီး အာသီးတွေရောင်တယ်။ ဖျားတယ်။ ဒါကြောင့် ဆေးကုတာပါ။ ဒါပေမဲ့ မသက်သာဘူး။ အခြေအနေတဖြည်းဖြည်း ဆိုးလာပြီး အသက်အန္တရာယ်အထိ စိုးရိမ်လာရတယ်။ ဆရာဝန်တွေလည်း သေချာကုပေးပါတယ်။ ညီမကိုယ်တိုင်လည်း ဆေးနဲ့မတည့်တဲ့ Allergic ဖြစ်တာကို မသိဘူး။ သူတို့ လည်းမသိဘူး။ ရန်ကုန်မှာ တစ်ပတ်လောက်ဆေးရုံတက်လိုက်တယ်။ ညီမအရည်၊ အချွဲတွေ၊ သွေးတွေ အန်တော့ ရောဂါက မသက်သာဘဲ ပိုပိုဆိုးလာတယ်။ ညီမလည်း ဘန်ကောက်မှာ သွားကုကြည့်တယ်။ အဲဒီမှာ ညီမ၁၅ရက်လောက် ဆေးရုံတက်လိုက်ရတယ်။ ဘန်ကောက် ရောက်တော့မှ ညီမဖြစ်တဲ့ အပူကြီးတဲ့ ရောဂါနဲ့ ညီမကိုကုပေးတဲ့ ဆေးကမတည့်ဘူး ဖြစ်နေတာကို သိရတယ်။ ဘန်ကောက်မှာ အပူကြီး ရောဂါအပြင် နောက်ဆက်တွဲတွေပါ ကုခဲ့ရပါတယ်” လို့ ပြောပါတယ်။ဆက်လက်ပြီး ဘန်ကောက်မှာ ကုသခဲ့တဲ့ ရောဂါတွေနဲ့ ပတ်သက်လို့ ရတနာဗိုက…

” ညီမက ဆေးနဲ့မတည့်တော့ အရေပြားမှာ Allergic ပုံစံ အဖုတွေထွက်တယ်။ အနာပိုမျိုး ဖြစ်လာတဲ့အတွက် အရေပြားကုသမှု လုပ်ရတယ်။ ကိုယ့်ရဲ့အဖျားလည်း သက်သာအောင်ရယ်၊ လည်ချောင်းလည်းကုတယ်။ အခုတော့ အသံသိပ်မထွက်သေးပါဘူး။ အပူကြီးတုန်းက မျက်လုံးကာလာထိပြီး မျက်ကြည်လွှာ ကွဲသွားတာဆိုတော့ မျက်လုံးလည်း ကုခဲ့ပါတယ်။ အခုတော့ ရန်ကုန်ပြန်ရောက်ပြီး အိမ်မှာနားနေတာ ၁၅ရက်လောက်ရှိပါပြီ။ မျက်နှာက အဖုလေးတွေ၊ ခြေထောက်က အနာကတော့ သိပ်မပျောက်သေးပါဘူး။ ညီမအခုတော့ သက်သာလာပါပြီ” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရတနာဗိုရဲ့ ကျန်းမာရေးအခြေအနေက ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ရတနာဗိုက မတ်လ၁၁ရက်နေ့မှာလည်း ကလောကိုသွား ရောက် ပြီး ဒါရိုက်တာဇေပါ ရိုက်ကူးမယ့် ဇာတ်ကားမှာ ဇေရဲထက်နဲ့အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here