၁၅ နှစ်ကြာစောင့်ခဲ့ရတဲ့ ‘ချစ်ခြင်းရဲ့ ကဗျာ’

0
206

koaung

ပရိသတ်တို့ ဆယ်စုနှစ်တစ်ခုကျော်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အဆိုတော်ကိုအောင်ရဲ့ စီးရီးသစ် ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။၂ဝဝ၂ ခုနှစ်ဝန်းကျင်က ” ကြယ်တွေစုံတဲ့ည” ဆိုတဲ့ စီးရီးခွေကို ထွက်ရှိခဲ့တဲ့ ကိုအောင်က အခု၁၅နှစ်နီးပါး အကြာမှာ သူ့ရဲ့ဒုတိယစီးရီးခွေကို “ချစ်ခြင်းရဲ့ကဗျာ”လို့ အမည်ပေးပြီး သီချင်း ၁ဝပုဒ်နဲ့အတူ ပွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆိုတော် ကိုအောင်ရဲ့ စီးရီးသစ်ကိုတော့ မတ်လ၉ရက်နေ့က ဖြန့်ချိခဲ့ပြီဖြစ်ပြီး ကိုအောင် ကိုယ်တိုင်ရေး သီချင်း၉ပုဒ်နဲ့ အယ်ဖြူရဲ့ဂီတအနုပညာလက်ရာ သီချင်းတစ်ပုဒ်ပါဝင်ပါတယ်။

” စီးရီးသစ် မထွက်ရှိတာ ၁၅ နှစ်ကျော်လောက်ပြီ။ ဒီစီးရီးခွေလေးတည်နေတာတော့ ၆ နှစ်လောက်ရှိပြီ။ သီချင်း ၁ဝပုဒ်မှာ သီချင်းဟောင်း “နွေဦးပုံပြင်” ကို piano version နဲ့ ပြန်ဆိုထားတာ ပါတယ်။ပုံစံတွေကတော့ ဘယ်လိုခေါင်းစဉ် ဆိုတာထက် ကျွန်တော် လုပ်တတ်တဲ့ ပုံစံလေးတွေပါပဲ။ ကျွန်တော်ရေး တတ်သလောက် လုပ်ထားတဲ့ သီချင်းတွေပါ။ကျွန်တော် ကိုယ်တိုင်လည်း သေချာလုပ်ထားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုက်ပါတယ်။စီးရီးတစ်ခွေထွက် ဖို့က မလွယ်ပါဘူး။ သူငယ်ချင်းတွေအားလုံးကလည်း ကူညီကြပါတယ်။ ကျွန်တော့်ကိုမမေ့ဘဲ သတိတရနဲ့စောင့်ပြီးအားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ကိုအောင်က သူ့စီးရီးသစ်နဲ့ ပတ်သက်လို့ ပြောပါတယ်။

ဆက်လက်ပြီး အခုလက်ရှိ ကျင်းပနေတဲ့ Myanmar Idol ပြိုင်ပွဲမှာလည်း ကိုအောင့်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အရင်ကဇာတ်လမ်းလေး သီချင်းကို ပြိုင်ပွဲဝင်တစ်ဦးက သီဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း တေးရေးသူ တစ်ဦးဖြစ်တဲ့ ကိုအောင်ကို သူ့သဘောထားမေးကြည့်တော့ ” ဘယ်ပြိုင်ပွဲမဆိုတော့ တေးရေးအမည်လေးတွေ ထည့်ပေးရင် ကောင်းပါတယ်။ ပြိုင်ပွဲဝင်တွေ ကောင်းခြင်း၊ မကောင်းခြင်းကတော့ ကျွန်တော်တို့ ဝေဖန်စရာ မလိုပါဘူး။ အားလုံးက သူ့ပါရမီနဲ့သူပါပဲ။ သူ့အသံနဲ့ကိုယ့်အသံလည်း မတူနိုင်ဘူး။ပြီးတော့ ပြိုင်ပွဲဖြစ်တဲ့အတွက် စိတ်လှုပ်ရှားတာလည်း ရှိမှာပဲ။ သီချင်းတော့ တစ်ခုခုဖြစ်သွားပါပြီဆိုတဲ့ စိတ်မျိုးမရှိဘူး။ အားလုံးက မှားတတ်ကြတာပဲ။ ဒီပေါ်မှာ ကောင်းခြင်း၊ဆိုးခြင်း မပြောဘူး။အပြစ်သွားပြောနေရင် သူတို့ စိတ်ဓာတ်ကျသွားမှာပဲရှိတယ်။သီချင်းဆိုတာ အပြစ်မရှိဘူးဗျ။ သီချင်းဆိုတဲ့ လူမှန်သမျှအပြစ်မရှိဘူး” ကိုအောင်က သူ့ရဲ့မှတ်ချက်သဘောထားကို ပြောပြခဲ့ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here