ဈေးကွက်အရ ချုံ့ရိုက်ကူးလာရတာ ဖြစ်ပေမယ့် အနုပညာ အားထုတ်မှုကတော့ လုံးဝမလျော့ပါဘူး သူရိယ

0
217

THU YI YA

သူရိယက လက်ရှိမှာတော့ “ကျွန်တော့်ရည်းစား နိုင်ငံခြားပြန်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးလျက် ရှိနေပါတယ်။ နှစ်ဆန်း ၂ ရက်နေ့က စတင် ရိုက်ကူးခဲ့ တာဖြစ်ပြီး သွန်းဆက် ၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဝါဝါအောင် တို့လည်း အဓိကသရုပ်ဆောင်တွေ အဖြစ်ပါဝင်နေပါတယ်။ သူရိယကတော့ ဒီဘက်နှစ်တွေမှာ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်တွေအပြင် ဗီဒီယို ဇာတ်ကားအများဆုံး လက်ခံရိုက်ကူးလာနေရတာကိုလည်း တွေ့ရပါတယ်။

” ဗီဒီယိုဈေးကွက် ပျက်တယ်လို့ ပြောလာပေမယ့် တခြားဖောက်ထွက်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ အဓိကကတော့ ကျွန်တော်တို့်တွေ အလုပ်လုပ်နေဖို့ပဲ ဖြစ်ပါတယ်။ ဗီဒီယို ဈေးကွက် ပျက်တယ်ဆိုပေမယ့် အခုဆိုရင် ရုပ်ရှင် ဈေးကွက်ပြန်ကောင်း လာနေပြီ။ ဇာတ်လမ်းတွဲဈေးကွက် လည်း ရှိနေပါပြီ။ သူနေရာနဲ့သူ ဈေးကွက်တွေကတော့ ရှိနေမှာ ဖြစ်ပါတယ်။ ဗီဒီယိုဈေးကွက်ပျက်ပြီဆိုပြီး ဖြစ်လာတဲ့အချိန် ကျွန်တော် တို့ဘက်က အခက်အခဲ ရှိလာတာကတော့ ရိုက်ကူးရေးရက်တွေ ချုံ့ပြီး ရိုက်ကူးလာရတာပါပဲ။ ဈေးကွက်အရ ချုံ့ရိုက်ကူးလာရတာဖြစ်တယ်။ မြန်မြန်ပြီး အောင် ရိုက်ကူးလာရတာဖြစ်တယ်။ ဒါပေမဲ့လည်း အနုပညာ အားထုတ်မှုကတော့ လုံးဝမလျော့ပါဘူး။ ဘာလို့လဲဆို တော့ တစ်ဖက်မှာလည်း ဈေးကွက် ဆိုတာမှန်ပေမယ့် ကျွန်တော့် တို့ရဲ့ အနုပညာကလည်း ရှိပါသေးတယ်” လို့ဆိုပါတယ်။

သူရိယက ဒီဇာတ်ကားပြီးရင်တော့ “ပဉ္စလက်ရွာ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ပုပ္ပါးဘက်မှာ ၄ လကြာ သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ” ပဉ္စလက်ရွာက ကိုသိုးဆောင်း ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အတော်လည်း ကောင်းပါတယ်။ အဲဒီအထဲက ကျွန်တော့်စတိုင်က ဆံရစ်ဝိုင်း ပုံစံနဲ့ ဖြစ်ပါတယ်။ ကာရိုက်တာ ပုံစံနဲ့ ဘောင်ဝင်အောင်လုပ် နေပါတယ်။ ဗေဒင်ပိုင်းကိုလည်း လေ့လာနေပါတယ်။ ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်အောင်ပါ။ အကုန်ပြင်ဆင်ထားတယ်။ ဒါပေမဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲထဲက ဥက္ကာဇာတ်ကောင်က အရမ်းကို အောင်မြင်ထားတော့ ဆင်တူနေမှာလည်း အတော် စိုးရိမ်ပါတယ်။ အဲဒါကြောင့်လည်း ဆံပင်အရှည်ကိုတောင် ညှပ်လိုက်ပြီးတော့ ဆံရစ်ဝိုင်းပုံစံ လုပ်ထားတယ်။ ကာရိုက်တာ ကွဲသွားအောင်ဖြစ်ပါတယ်။ နေပုံထိုင်ပုံကွဲသွားအောင်လည်း လုပ်နေပါတယ်။ အခု “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်နာမည်ကတော့ “အီလစ်” ပါ” လို့ပြောပြပေးခဲ့ ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here