အမေစု ၏ သ၀ဏ်လွှာမှ သည် ရုပ်ရှင်လောကသားများဆီသို့

0
160
Eaidra-Kyaw-Zin
၂၀၁၆ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာ ကို ဖတ်ကြားပေးနေတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပေး အပ်ပွဲကြီးကတော့ ပြီးဆုံးသွား ပါပြီ။ ဇာတ်ညွှန်း ဆုမရလို့၊ အမျိုးသမီး ဇာတ်ပို့ဆု မရလို့၊ ဟိုဟာဖြစ်လို့၊ ဒီဟာဖြစ် လို့နဲ့ မကျေနပ်သံ၊ ဝေဖန်သံ၊ ပြစ်တင်ရှုတ် ချသံတွေနှင့် ဂယက်ထလို့ပြီးလောက် ပြီထင်ပါရဲ့။

အရေးအကြီးဆုံး တစ်ခုကိုတော့ ရုပ် ရှင်လောကသားတွေ လေးလေးစားစား ဆောင်ရွက်ကြဖို့ သတိပေးချင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ၂ဝ၁၆ခုနှစ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ သဝဏ် လွှာပေးပို့ခဲ့ ပါတယ်။  သဝဏ်လွှာမှာ

“စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သုခုမ ဆိုတဲ့ အနုပညာတွေဟာ လူ့အဖွဲ့အစည်း တိုင်းကို လွှမ်းမိုးမှု၊ သြဇာသက်ရောက်မှု ကြီးကြီးမားမားရှိနေတဲ့ ပညာရပ်တွေ ဆိုတာ အားလုံးအသိ ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင် အနုပညာလက်ရာတွေဟာ နှစ်ပေါင်း များစွာ ဂန္ထဝင်တွင် ရစ်ခဲ့တဲ့အထိ လူတိုင်း ရင်မှာ စွဲစွဲမက်မက်ဖြစ်စေနိုင်ပါတယ်…”တဲ့။

အဲဒီစကားဟာ ရုပ်ရှင်လောက သား တွေအတွက် ဂုဏ်ယူစရာ စကားပါပဲ။ ဂုဏ်ယူ နေရုံနဲ့ မပြီးပါဘူး။ ရှေးယခင် ကျွန်မတို့ အဘိုးအဘွားတွေ ဖန်တီးထားတဲ့ အနုပညာ တွေ မှတ်ကျောက်တင်နိုင်သလို၊ ယခုခေတ် ရုပ်ရှင်လောကသားတွေလည်း ဂန္ထဝင် မြောက် ပြီး လူတွေ တသသ စွဲမက်ဖွယ် ရုပ်ရှင် ကားမျိုးရိုက်ကူးဖို့ စိတ်ကူး ကြည့်သင့်ပြီထင် ပါရဲ့။ သဝဏ်လွှာထဲမှာ ပါသေးတယ်။

“ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ၊ စကားလုံးတွေ၊ အမူ အယာတွေ၊ သတင်းစကားတွေဟာ သက်ဆိုင် ရာ လူ့အဖွဲ့အစည်းရဲ့ ကြန်အင်လက္ခဏာ တွေကို ကိုယ်စားပြု နေပြန်ပါတယ်။ ရုပ်ရှင် တွေက ပြောတဲ့ ယဉ်ကျေးမှု၊ အဆင့်အတန်း၊ သမိုင်းကြောင်း၊ လူမှုတန်ဖိုးတွေဟာ လူ့သမိုင်း နဲ့ထပ်တူ ကျန်ရစ်နေတာဖြစ်ပါတယ် …တဲ့”

ကဲ …ခုခေတ် အရိုက်များတဲ့  ပေါ ကားတွေ ကိုကြည့်ကြပါဦး။ ကျေးလက်တော ရွာမှာ သွားရိုက်ရင်လည်း ချစ်စရာကောင်း တဲ့ ကျေးလက် နေထိုင်သူတို့ရဲ့ ရိုးသားစွာ လုပ် ကိုင်မှု၊ အသက်ကြီးသူ၊ ဝါကြီးသူ၊ ရွာက လူကြီးကို ရိုသေစွာ ပြောဆိုမှုနဲ့ ဂါရဝတရား တွေ မရိုက်ကူးကြပါ။ တောကလူတွေ အရက် သောက်၊ ကြက်တိုက်၊ အချင်းချင်း ရိုင်းပင်း မှုကင်းမဲ့ကာ၊ တစ်ယောက်နှင့် တစ်ယောက် စောင်းမြောင်း ပြောဆို၊ အုပ်စုလိုက်၊ မိသား စုလိုက်၊ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြပုံတွေ ကိုသာ ရိုက်ကူးပြကြတယ်။

ရွာက လူကြီးကိုလည်း မရိုသေ၊ ခွန်း တုံ့ပြန်လည် ရန်ဖြစ်နေကြပုံတွေ က မြန်မာ မဆန်လိုက်သည့်ဖြစ်ခြင်း။ မြန်မာဆိုတာ ဘာသာရေးကို အလေးထားတယ်။ ယဉ် ကျေးသိမ်မွေ့တယ်။ အရှက်အကြောက် ကြီး တယ်။ လောဘ၊ ဒေါသနည်းပြီး ရှိတာနဲ့ ရောင့်ရဲ တင်းတိမ်တယ်။ ခုနှစ်ရက်သား သမီး အပေါ် မေတ္တာထားပြီး၊ ခွင့်လွှတ်တတ် တယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ အလေ့အကျင့် စရိုက်တွေကို နိုင်ငံခြားသား အထင်ကြီးလေး စားအောင် မြန်မာလူမျိုး၊ လူငယ်တွေကို မျိုးဆက်သစ်တွေ အတုခိုး၊ ဂုဏ်ယူအားပေး လေ့ကျင့်နိုင်အောင် ရိုက်ပြဖို့က ရုပ်ရှင် သမားတွေရဲ့ တာဝန်ပဲမဟုတ်လား။

ခုတော့ဖြင့် မဟုတ်ပေါင်။ မခိုင်လုံသော အကြောင်းအရာ များဖြင့် ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းကို ပေါကြောင်ကြောင် ပြကွက် များဖြင့် အောက်ပိုင်းပြက်လုံးတွေ လှိုင်လှိုင် သုံး၊ ယောက်ျား ရင့်မာကြီးတွေကို အခြောက် လို သရုပ်ဆောင်ခိုင်း၊ ရယ်ရရင်ပြီးရော၊ ပေါချင်တိုင်း ပေါနေတော့ မြန်မာလူမျိုး ဆိုရင် ယောက်ျားပီသတဲ့ သရုပ်ပျောက် အခြောက် တွေချည်းပဲလို့ ထင်စရာ ဖြစ်ကုန်ပြီ။

“ရုပ်ရှင်ဇာတ်ကားတွေဟာ လူ့အဖွဲ့ အစည်း၊ အထူးသဖြင့် လူငယ် လူရွယ်တွေ အပေါ် အထူးပဲ သြဇာကြီးမားတာကြောင့် ရုပ်ရှင်လောကသားတွေရဲ့ တာဝန်ဟာ အလွန်ပဲ ကြီးပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေထဲ က ဇာတ်ကောင်တွေဟာ လူငယ်တွေရဲ့ စိတ်ကူးထဲက စံပြ ပုဂ္ဂိုလ်တွေဖြစ် နေတတ် ပါတယ်။ ဇာတ်ကောင် တစ်ယောက်ရဲ့ သရုပ် ဆောင်ချက်၊ အမူအရာတစ်ကွက် ဆိုရင်ပဲ လူငယ်တွေရဲ့ စိတ်ထဲကို စွဲစွဲထင်ထင်နစ် ဝင်နေတတ်ပါတယ် ..တဲ့”

ဒါကြောင့် ရုပ်ရှင်မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံတွေဟာ တိုင်းပြည်နဲ့ လူမျိုး ရဲ့စံပြပုဂ္ဂိုလ်တွေဖြစ်အောင် မိမိကိုယ်မိမိ ကြိုးစားသင့်တယ်။ အခြောက်ကား၊ ပေါကား တွေချည်း ရိုက်ကူးဖို့မစဉ်းစားဘဲ အဆင့် အတန်းမြင့်တဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုး ရိုက်ကူးဖို့ စဉ်းစားသင့်တယ်။

စာရေးသူအား ကိုရီးယားစကားပြန် တစ်ယောက်က ပြောဖူးတယ်။ ကိုရီးယား နိုင်ငံကို သူရောက်တဲ့ အခါ ကိုရီးယားလူ မျိုးတွေဟာ ကိုရီးယားရုပ်ရှင် ထဲမှာပါသ လောက် ယဉ်ကျေးမှု မရှိကြပါဘူးတဲ့။ အင်မ တန်လည်း ကပ်စေးနည်းတယ်တဲ့။ ဒါပေမဲ့ သူတို့ရုပ်ရှင်တွေ ရိုက်ကူးပြတဲ့အခါ သူတို့ယဉ် ကျေးမှု၊ သူတို့ရဲ့ အစားအသောက်တွေကို အထင်ကြီး စိတ်ဝင်စားအောင် ရိုက်ကူး ပြတတ်ပါတယ်တဲ့။ ကျွန်မတို့ မြန်မာရုပ်ရှင် ဇာတ်ကားတွေမှာ လည်း သူများနိုင်ငံကိုချည်း အတုခိုးမနေဘဲ ကိုယ့်နိုင်ငံက ကောင်းကွက် တွေနဲ့ ယဉ်ကျေးမှုတွေကို ဖော်ထုတ်သင့်ပါ တယ်။ အမေစုရဲ့ သဝဏ်လွှာထဲမှာ

“မြန်မာ့ရုပ်ရှင်လောကရဲ့ တိုးတက်မှု ဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ကိုယ်စား ပြုပြီး မြန်မာ့ ရုပ်ရှင်လောကရဲ့ အဆင့် အတန်း မြင့်မားမှုဟာ ဒီနိုင်ငံ၊ ဒီပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ဖော်ညွှန်းနေပါတယ်။ ကျွန်မ တို့နိုင်ငံ၊ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မ တို့လူငယ်တွေ အတွက် အားလုံးက အများကြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်”

အမေစုရဲ့ သဝဏ်လွှာထဲက စကားလုံး တွေဟာ ထိထိမိမိ နဲ့ပြောင်မြောက်တဲ့ အဓိပ္ပာယ်တွေကို ဖော်ညွှန်းပါတယ်။

ရုပ်ရှင်လောကသားတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်ရင်၊ လူငယ်လူရွယ်များကြား အဆိပ် အတောက်ဖြစ်စေမယ့် ဇာတ်လမ်း ဇာတ်ကွက်တွေ ဖယ်ရှားပြီး ပြည်သူကို ကောင်းကျိုးပြုမယ့် ရုပ်ရှင်ဇာတ်ကားတွေ ဖန်တီးဖို့လိုတယ် ဆိုတာ မမေ့မလျော့နဲ့ တာ ဝန်သိစေချင်ပါတယ်ရှင်။

တက္ကသိုလ်ယဉ်ယဉ်လဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here