အကယ်ဒမီရွှေကြယ် ကို မှော်ဘီ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ လှူဒါန်းမယ့် ထွန်းထွန်း

0
157
tuntun
သရုပ်ဆောင် ထွန်းထွန်း က သူဆုရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုမှ ရွှေကြယ်ကို မှော်ဘီရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ မေလထဲမှာ သွားရောက်လှူဒါန်းမှာ ဖြစ်ကြောင်း ပြောပါတယ်။ သူ အဓိဌာန်ထားရှိခဲ့တဲ့အတွက် အခုလို လှူဒါန်း ရခြင်းဖြစ်ကြောင်းကို ထွန်းထွန်းက… ”အဲဒီဘုန်းကြီးကျောင်းကို ရောက်တဲ့အခါမှာ ဂျပန်ဘုရားတွေအများကြီးကို တွေ့တယ်။ သပ္ပါယ် တယ်။ သဒ္ဓါစိတ်လဲရှိတယ်။ တခြားသူတွေ လှူထားတာလည်းတွေ့တော့ အားကျတယ်။ ကိုယ့်အလှည့်ကျရင်လည်း အဲဒီလိုလှူမယ်လို့ အဓိဌာန်ခဲ့တယ်။” ပြောပါတယ်။ ဒီအကယ်ဒမီရွှေကြယ်တစ်ခု လှူပြီးရင် နောက်ထပ်တစ်ခုလည်း ထပ်လှူချင်ပါသေးတယ်လို့ဆိုတဲ့ ထွန်းထွန်း က ဆက်လက်ပြီးလည်း အနုပညာလောကထဲမှာ အကောင်းဆုံး ကြိုးစားသွားဦးမှာပါ လို့ပြောပါတယ်။
”အခုလို လှူဒါန်းရမှာဖြစ်တဲ့အတွက် တအား ၀မ်းသာပါတယ်။ ကျွန်တော် အလုပ်မလုပ်ဖြစ်တာ နှစ်တော်တော်ကြာပါတယ်။ ကျွန်တော် အလုပ်တွေပြန်လုပ်ဖြစ်တဲ့ နှစ်အပိုင်းအခြားအတွင်းမှာ ကျွန်တော့် ကို အားပေးတဲ့ပရိသတ်တွေရော ကျွန်တော့်ကို ယုံကြည်ပေးကြတဲ့ ပရိုဂျူဆာတွေရော၊ ဒါရိုက်တာတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့အားတွေကြောင့် သာ ကျွန်တော့်မှာ ရှိတဲ့ အနုပညာတွေကို ပြသခွင့်ရတာပါ။ ကျွန်တော် ထပ်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ အမှားနည်းသည်ထက် နည်းအောင် လေ့လာနေပါဦးမယ်။” လို့ ပြောပါတယ်။ ထွန်းထွန်း အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် ဆု ရရှိခဲ့တာဖြစ်ပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ အောင်ဇော်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here