မြန်မာဇာတ်ကားတွေ ကြည့်ပြီးရင် အချိန်ပေးရကျိုးနပ်တယ်ဆိုတဲ့အသံပဲ ကြားချင်တယ် နိုင်းနိုင်း

0
234

Nine Nine

ပရိသတ်တွေအနေနဲ့ မြန်မာဇာတ်ကားတွေကို အားပေးကြည့် ရှုကြတဲ့အခါမှာ အချိန်ပေးရကျိုးနပ်ပြီး ကြည့်ရတာတန်တယ်လို့ ပြောတဲ့အသံတွေပဲကြားချင်မိတယ်လို့ သရုပ်ဆောင်နိုင်းနိုင်းက ဆိုပါတယ်။ သူ့အနေနဲ့လည်း ပရိသတ်တွေ ကျေနပ်နှစ်သက်စေမယ့် ဇာတ်ကားကောင်းတွေကို ရွေးချယ်ရိုက်ကူးလျက် ရှိပါတယ်။

” အားလုံးက သူ့နည်းသူ့ဟန်နဲ့ ချီတက်နေတာချည်းပါပဲ။ ပရိသတ်ဆိုတာက အမျိုးမျိုးရှိကြမှာပဲ။ ဟာသ ကြိုက်တာရှိမယ်။ ဒရာမာ ကြိုက်တာရှိမယ်။ တချို့ကျတော့ အကုန်ကြိုက်ကြတယ်။ လောလောဆယ် ဟာသကြိုက်တဲ့သူကို ဟာသချကျွေးတာ တော်တော်တော့ များသွားပြီ။ မျှအောင်တော့ ရိုက်ကူးသင့်တယ်လို့ ထင်ပါတယ်။ ဟာသလည်း ဟာသအလျှောက် ဇာတ်ကားကောင်းတယ်။ ဇာတ်လမ်းကောင်းတယ်ဆိုရင် ပရိသတ်ကကြည့် ကြမှာပါပဲ။ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတွေ အချိန်ပေးပြီး ကြည့်မလား။ မြန်မာဇာတ်ကားကို ကြည့်မလားဆိုရင် ကုန်တာချင်းအတူတူ တန်အောင်ကြည့်မယ်ဆိုရင် ပရိသတ်ရဲ့ ရွေးချယ်မှုတစ်ခုပေါ့။ တန်အောင် လုပ်ပေးဖို့လိုပါတယ်။ ကျွန်တော်အနေနဲ့လည်း ကြည့်တဲ့ပရိသတ်တန်အောင် မြန်မာဇာတ်ကားတွေ ကြည့်ပြီးရင် အော်ငါတို့အချိန် ပေးရကျိုးနပ်တယ်ဆိုတဲ့အသံပဲ ကြားချင်တယ်” လို့ နိုင်းနိုင်းကပြော ပါတယ်။

နိုင်းနိုင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်” ရုပ်ရှင်ဇာတ်ကားက မကြာမီ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကား အထူးပွဲပြသတဲ့နေ့မှာတော့ မန္တလေးကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာကြောင့် မတက်ရောက်ဖြစ်တာဖြစ်ကြောင်း နိုင်းနိုင်း ကပြောပါတယ်။

” ကျွန်တော်တို့ ရိုက်ကူးရေးမှာတော့ ပုံမှန်ပါပဲ။ သရဲဇာတ်ကား ဖြစ်တဲ့အတွက် editing နဲ့ sound effect dapping က တအားအရေးကြီးဆုံးပါပဲ။ ပရိသတ်တွေအနေနဲ့လည်း အမြင်တစ်မျိုး ပြောင်းသွားနိုင်ပါတယ်။ အသံတွေကောင်းလာမယ်။ editing တွေကောင်း လာတဲ့အတွက် ကြည့်တဲ့ပရိသတ်ကတော့ နည်းနည်းတော့ ကြောက်မယ်လို့ထင်ပါတယ်။ မြန်မာ့ ရုပ်ရှင်တွေ တိုးတက်အောင် လုပ်နေကြတဲ့ထဲမှာတော့ ဒီဇာတ်ကားလည်း ပါပါတယ်။ မြန်မာသရဲဇာတ်ကား လေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး” လို့ပြောပါတယ်။ နိုင်းနိုင်းက လတ်တလောမှာတော့ နောက်ထပ်ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် အရှိန်ယူနေတုန်းပါပဲလို့ဆိုပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here