အခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာဇာတ်ကားတွေရိုက်ကူးချင်ပါတယ် Mario Maurer

0
186

Mario

နာမည်ကျော် Pee Mak မင်းသား Mario Maurer က Pond’s Men ရဲ့ သံတမန်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာခဲ့ပါတယ်။ Mario မြန်မာနိုင်ငံကို လာရောက်ချိန်မှာ မြန်မာပရိသတ်များက လေဆိပ်အထိ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ Junction City မှာ ပြုလုပ်ခဲ့တဲ့ ဖေ့ဘုတ်စ်ဓာတ်ပုံပြိုင်ပွဲမှာလည်း နိုင်းနိုင်းနဲ့အတူ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သလို မြန်မာပရိသတ်များနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး သီချင်းဆိုကပြခဲ့ပါတယ်။ Mario က သံတမန်အနေနဲ့သာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောင်မှာ မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ရှိမလားလို့ မေးမြန်းတော့ …

” မြန်မာနိုင်ငံကို နောက်တစ်ကြိမ်လာရတာ ကျွန်တော့်အနေနဲ့ တအားဝမ်းသာပါတယ်။ မြန်မာပြည်က လူတွေကလည်း တအားချစ်ဖို့ ကောင်းတယ်။ Pond’s Men နဲ့ ဆိုရင် ဒီကိုလာတာ ၂ကြိမ်ရှိပါပြီ။ အခွင့်အရေးရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလည်း လုပ်ချင်ပါတယ်။ ကိုနိုင်းနိုင်း နဲ့တွဲပြီး အလုပ်လုပ်ရတာလည်း ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါ။ အခုဘန်ကောက်မှာ ကျွန်တော့်ရဲ့အလုပ်အချိန်တွေက တော်တော် လေးပြည့်နေတယ်။ ဒရာမာအသစ်လည်း စနေပါတယ်။ ဒရာမာ ၂ကား ထွက်ဖို့ရှိပါတယ်။ ဒါကြောင့်ပါ။ တကယ်လို့ ကျွန်တော့်မှာ အခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒရာမာပဲဖြစ်ဖြစ်၊ အက်ရှင်ပဲဖြစ်ဖြစ် ဇာတ်ကားတွေ ရိုက်ကူးချင်ပါတယ်” လို့ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ Mario က ပြောပြပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်ရင် ဘယ်လိုကာရိုက်တာမျိုးကို ရိုက်ကူးချင်လဲဆိုတဲ့ မေးမြန်းမှုအပေါ် Mario က…” ကျွန်တော့်အနေနဲ့ ဘယ်ကာရိုက်တာမျိုးကိုမဆို ရိုက်ကူးချင်ပါတယ်။ ကာရိုက်တာ တစ်ခုချင်းစီကလည်း အခက်အခဲကိုယ်စီ ရှိကြစမြဲပါ။ ကျွန်တော့်အတွက်လည်း စိန်ခေါ်မှု အသစ်တွေချည်းပါပဲ။ ဘယ်လိုဒရာမာဇာတ်ပဲဖြစ် ဖြစ်၊ အက်ရှင်ဇာတ်ကားပဲဖြစ်ဖြစ်၊ ဘယ်လိုဇာတ် ကားမျိုးစုံ ရိုက်ကူးကြည့်ချင်တယ်။ သတ်မှတ်ထား တာမျိုးတွေ မရှိပါဘူး” လို့ ပြောပြပါတယ်။ Mario ကို တခဲနက် အားပေးကြတဲ့ မြန်မာပရိသတ်တွေ အတွက်လည်း…

” ကျွန်တော့်ကိုအားပေးကြိုဆိုကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ ယောက်ျားလေးရော၊ မိန်းကလေးတွေကိုပါ ကျေးဇူးတင်ပါတယ်။ အားပေးတဲ့အပြင် support လုပ်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အခွင့်အရေးရရင် မြန်မာနိုင်ငံ ကိုလာချင်တယ်။ အလုပ်ကိစ္စနဲ့ မဟုတ်ဘဲ အလည်လာချင်ပါတယ်။ မြန်မာပရိသတ်တွေကိုလည်း အချိန်ပေးပြီး တွေ့ချင်ပါသေးတယ်” လို့ ပြောပြပါတယ်။

Mario က မေလ ၂၁ ရက်နေ့ ညမှာတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ပရိသတ်များနဲ့လည်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ပါတယ်။ Mario က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြန်ချိန်မှာလည်း လေဆိပ်မှာ ပရိသတ်တွေက နှုတ်ဆက်ပြီး ထွက်ခွာခဲ့ပါတယ်။ Mario က မြန်မာပရိသတ်တွေ ကြားမှာတော့ Pee Mak ဇာတ်ကားနဲ့ အားပေးမှုကိုရရှိခဲ့ပြီး Mario ရဲ့ တခြားကျော်ကြားတဲ့ ဇာတ်ကားများကတော့ First Love, My True Friend, Jon Dara the Beginning နဲ့ Take Me Hom စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here