ဂီတဂုရုပညာရှင် ဂီတလုလင်

0
246

mgkoko

မှုံရွှေရည်၊ တစ်ကျော့နှစ်ကျော့ တေးကိုသီ၊ လွမ်းငွေ့တဝေဝေ၊ အစရှိသော မြန်မာ့ရုပ်ရှင်တေး သီချင်းတွေသည် ကျွန်တော်တို့ ရင်ထဲမှာ တိုးဝှေ့နေဆဲဖြစ်သည်။ဖန်တီးရှင်ဂီတပညာရှင်ကြီး ဂုရု ဦးလေးကို ထွက်ခွာသွားပေမယ့်လည်း ကျွန်တော်တို့ရင်ထဲမှာ ဦးလေးကို ရှိနေဆဲပါ။ သီချင်းတွေရှိ နေသရွေ့၊ ဂီတကမ္ဘာတည်သရွေ့ ဦးလေးကို ရှိနေမှာပါ။ အစ်ကိုဖြစ်သူ ဘဘဗိုလ်ကလေး တင့်အောင်နှင့် တွဲဖက်ဖန်တီးခဲ့သော “ငယ်ကျွမ်းဆွေ” တေးသီချင်းသည်လည်း ဂီတပညာရှင်ကြီး ညီအစ်ကို တော်နှစ်ဦးကို ခွဲပြ၍မရပါ။ အနုပညာကို ချစ်မြတ်နိုးသူတိုင်း ဂီတလု လင်မောင်ကိုကို၊ ဦးလေးကိုကို မေ့မရပါ။ ကျွန်တော်ရုပ်ရှင်ဇာတ်ညွှန်း ရေးစဉ်ကာလတွင် ကျွန်တော့်ဆရာများ၏ ရုပ်ရှင်ဇာတ်ကားများကို ဦး လေးကိုက ဂီတဖြင့် ထုံမွှန်းပေးခဲ့ သည်။ ကျွန်တော်တို့ ပညာသင်ယူ စဉ်၊ ဦးလေးကို လက်စွမ်းပြကောင်း နေသည်။

နံနက်၉နာရီခွဲသည်နှင့် ဦးလေး ကို ဇာတ်လမ်းရုပ်ရှင်သို့ ရောက်လာ သည်။ အလုပ်ကို ကြိုးစားသူဖြစ်သည်။ Negative ဖလင်ပေါ်မှ အရုပ်များကို ကြည့်ပြီး နံပါတ်လိုက် မှတ်သည့်အလုပ်ကို ထမင်းမေ့၊ ဟင်းမေ့လုပ်ကိုင်သည်။ ညနေ၅နာရီမှ အလုပ်သိမ်းပြီး ပြန်သွားသည်။ ကျွန်တော်ဦးလေးထံမှ အလုပ်ကြိုးစားမှုစိတ်ကို ရယူခဲ့သည်။နောက်ခံတေးဂီတတီးမည့် ရက်ရောက်လျှင် ဦးလေးကိုသည် နံနက် ၉နာရီခွဲသည်နှင့် ဇာတ်လမ်းရုပ်ရှင်သို့ ရောက်နေသည်။ ဆရာဦး ကျော်(ဒု-လထညွှန်မှူး ဇာတ်လမ်း ရုပ်ရှင်) အသံဖမ်းအင်ဂျင်နီယာနှင့် တွေ့ဆုံပြီး အလုပ်စကားများပြောနေသည်။ ထိုအချိန် ကိုစောဘွဲ့မှူး၊ တယောကိုတင်ငွေ၊ ကြာဇံဦးအုန်း မောင်၊ ကိုခင်မောင်ကြီးနှင့် ကို သက်တို့အဖွဲ့သားတွေ ရောက်လာသည်။ ဦးလေးကို ရေးထားသော Music Notes များကို အဖွဲ့သားတွေက ကိုယ်နှင့် ဆိုင်ရာကူးယူကြသည်။

ဦးလေးကိုဝိုင်းတွင် အစက Arrangement ကို Mr. Wron က ဆောင်ရွက်ပြီး နောက်တွင် ထရမ်းပက် ကိုစုကျင်းက ဆောင်ရွက်သည်။ အဲ့ဒီနောက် အချိန်တော်များများကို၊ ကိုအကင်းက ဆောင်ရွက်ပေးခဲ့သည်။ ဦးလေးကို ထူးခြားချက်မှာ၊ တခြားဂီတမှူးတွေသည် Notes ကို ဂဏန်း No နှင့်ရေးကြသည်။ ဦးလေးကိုကမူ စာအတိုကောက်နှင့် ရေးသည်ကို တွေ့ရသည်။ ဒိုကို D ဟုရေးပြီး၊ ရေကို R ဟု အတိုကောက် ရေးလေ့ရှိသည်။ ဦးလေးကို တီးဝိုင်းတွင် ဘိုတယောကို ကိုစောအောင်၊ မတင်မေတို့ ထိုးကြပြီး မြန်မာသံတယောကို တော့ အဘကျင်၊ ဦးကျင်က ထိုးပေးသည်။ ဦးကျင်က တယောကိုရော်၊ အရိုင်ထိုးနိုင်သူတစ်ဦးဖြစ်သည်။ ဦး လေးကို မျက်လုံးနှင့် စကားပြောသည် ကို တချို့က စကားလုံးနှင့် ဖုံးကွယ် ကြသည်။ ဦးလေးကိုသည် Film Score အကယ်ဒမီ ၃ဆုရရှိခဲ့သည်။

နိုင်ငံခြား ဒါရိုက်တာကြီးအချို့က ဇာတ်ကား ရိုက်ကူးစဉ်ကပင် Music Timing နှင့် ရိုက်ကူးထားလေတော့၊ Film Score လုပ်သူအတွက် ပို၍အဆင်ပြေချောမွေ့ပါသည်။ မြန်မာ့ရုပ်ရှင်တွင် Music အားနည်းမှုကြောင့် ဦးလေးကိုအရုပ် မကြည့်ဘဲ Unscene..No နှင့် မှတ်ပြီးတီးရသဖြင့် Music Timing ကို တအားတွက်နေရသည်။ မြန်မာ့ ရုပ်ရှင်တွင် ဒါရိုက်တာ ဦးခင်စိုးသည် နှုတ်ကနေ Music Timing ပေးပြီး ရိုက်ကူးသည်ကို တွေ့ဖူးကြုံ ဖူးသည်။

ရုပ်ရှင်သီချင်းသွင်းသည့်နေရာများတွင် ဦးလေးကိုသည် Notes ပိုင်နိုင်ပြီး Arrangement ကောင်းများကို ရရှိထားသဖြင့် ဝိုင်းစုံတီးရာတွင် အခက်အခဲမရှိခဲ့ပါ။ ဦးလေးကိုသည် Body Language တအားကောင်း ပြီး၊ ထူးခြားဆုံးကတော့ ဂီတ genius ရထားသူဖြစ်သည်။ ဂီတသူ ရဲကောင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ဂုဏ်ထူး ဆောင်ဂီတပါရဂူဘွဲ့ရရှိခဲ့သည်။

ယဉ်ကျေးမှုတက္ကသိုလ်တွင် ဦးလေးကိုသည် သင်ခန်းစာများပို့ချ ခြင်း၊ အချိန်ပိုင်းဟောပြောပေးခြင်း၊ ဘွဲ့ယူစာတမ်းများ ပြင်ပစာစစ် (External Examiner) နှင့် ကြီး ကြပ်သူ (Supervisor) အဖြစ် ဆောင်ရွက်ခဲ့ပြီး ၆-၆-၂ဝဝ၉ မှစ ၍ ငွေဆယ်သိန်းဖြင့်၊ ဂီတလုလင်မောင်ကိုကို ပညာသင်ဆု၊ ငွေပဒေသာပင်ကို စိုက်ထူခဲ့သည်။ နွမ်းပါး သော ဂီတကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးကို ယဉ်ကျေးမှု တက္ကသိုလ်တက်နိုင်ရန် ပညာသင်စရိတ်ထောက် ပံ့ပေးခဲ့သည်။ ၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ ၁ဝရက်နေ့ ကွယ်လွန်ခဲ့ ပြီး၊ ၉နှစ်ပြည့်သည့်တိုင်၊ ရရှိနေ သော အနုပညာသုခုမကြေးများကို မိသားစုဝင်မသုံးစေဘဲ၊ ဦးလေးကို တည်ထောင်ခဲ့သော၊ ပဒေသာပင်ထဲတွင် ထည့်ဝင်ထားလျက်ရှိသည်။ သမိုင်းဆိုသည်မှာ လူတော်များ၏ အတ္ထုပ္ပတ္တိဖြစ်သည်။

ကျွန်တော်ဂီတနှင့် ပတ်သက်၍ လေ့လာခဲ့ရာတွင် Conductor သံစုံတီးဝိုင်းတွင် ကြီးကြပ်ညွှန်ကြားသူ ဂီတမှူးတစ်ဦးသည် နိုင်ငံခြားဂီတ တက္ကသိုလ်ကြီးတွင် ၈နှစ်ကြာ ဘွဲ့ယူပြီးမှသာ Conductor အလုပ်ကို လုပ်နိုင်သည်ဟု သိရသည်။ ရုရှား နိုင်ငံတွင်ရှိသော ခိုက်စကောကီး ဂီတတက္ကသိုလ်တွင် Conductor ဖြစ်ရန် ၈နှစ်တက်ရသည်ဟု သိရသည်။ မြန်မာနိုင်ငံမှ ရုရှားတွင် ဂီတ ပညာသင်ယူခဲ့သူတို့မှာ ဦးမောင်မောင် (မြန်မာ့အသံ)စန္ဒရားစောဂေဟာ၊ ဦးစောနု၊ ကလိုမှူး (Floot) တို့ ဖြစ်ပြီး၊ ၆နှစ်တာ ရုရှားဂီတတက္က သိုလ်တက်ခဲ့သူများဖြစ်သည်။ ပထမ နှစ်တွင် စက္ကူပေါ်က စန္ဒရားခလုတ် များကို နှိပ်နေရသည်။ ဒုတိယနှစ်မှ သာ စန္ဒရားကို ကိုင်ခွင့်ရခဲ့သည်။ တတိယနှစ်တွင် မိမိကြိုက်နှစ်သက် သည့် Subject ဘာသာအလိုက် ခွဲ၍ တက်နိုင်ခွင့်ရှိသည်။

ဦးလေးကို၏ ထူးခြားမှုမှာ ဗဟိုသတင်းစဉ်တွင် တီးခတ်စဉ်က အာဆီယံနိုင်ငံများ၏ အမျိုးသားသီချင်းများကို အလွတ်တီးနိုင်သည့် genius ရှိသည်။ တချို့အသိနည်းသော နိုင်ငံများမှ ဧည့်သည်တော်ကြီးများ ရောက်လာသည့်အခါ၊ ဆရာဦးဒီလေး (Saxophone) ထံအကူအညီ တောင်းရယူခဲ့သည်။ ဦးလေးကို၏ တန်ဖိုးကြီးလှသော စကားတစ်ခွန်းကို ကျွန်တော်ဘယ်တော့မှ မေ့မည်မဟုတ်ပါ။ “စကားလုံးသည် ပစ်ပေါက်ရန်မဟုတ်။ တန်ဆာဆင်ရန်ဖြစ်သည်” ဤသို့ ဂီတပညာဖြင့် အနုပညာ အရပ်ရပ်ကို ပံ့ပိုး၊ ဖန်တီးပေးနိုင်ပါသော ပညာရှင်ကြီး ဂုရုဆရာကို၊ ဦးလေးကို ဟုခေါ်သော (ဂီတလုလင် မောင်ကိုကို)အား ဤဆောင်းပါးဖြင့် ဂါရဝပြုမှတ်တမ်းတင်အပ်ပါသည်။အစဉ်ထာဝရလေးစားနေမည် ဖြစ်သည့်…

ဒါရိုက်တာမောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here