ခံတက်ပင်

0
224

KanTatPinအိမ်နောက်ဖေး က ခံတက်ပင်၊ ဆောင်းရက်တွေ ထဲမှာ ငြိမ်သက်အေးစက်။ သူ့အရွက်တွေထဲမှာ သူ့ကိုယ် သူပြန်ဝှက်လို့။ နံနက်စောစောချမ်း ချမ်းစီးစီးထဲမှာ ငါခံတက်ပင် အောက်ရောက်သွား။ ခံတက်ရွက် များ ငြိမ်သက်လို့ပါလား။ မင်းဘဝ ကို မင်းကျေနပ်ပါစ။ ငါ မေးမိ၊ ခံတက်ပင်ကိုကြည့်လို့။ဆောင်းလေ ရှရှထဲမှာ ခံတက်ပင်ဟာ ငြိမ်သက် တည်ကြည်။ နှင်းမှုန်ဝတ်ရည်တွေ ဥတွဲခို။ ခံတက်ရွက်တွေ စိမ်းစိုလို့။ ဆောင်းရက်တွေ ကုန်လုလု။  ခံတက် ပင်ဟာ ရွက်ဟောင်း ဝါဝါတွေခြွေ ချဖို့ရာ အသင့်ဖြစ်ပါပြီ။

ဖေဖော်ဝါရီလထဲမှာ သူ့အရွက် တွေ စကြွေတယ်။ ခံတက်ပင် သစ်ရွက် ကျိုးကျဲဆုတ်ခွာစ ဆောင်းရက်ထဲ မှာပဲ။ တစ်စ တစ်စ ကြွေကျ လာတဲ့ သစ်ရွက်တွေ လေမှာလွင့်ချေပေါ့။ ခံတက်ပင် သစ်ရွက်တွေကြွေပြီ။ ခံတက်ရိုးတံကိုင်းတွေ အပြိုင်းပြိုင်း ပေါ်လာပြီ။ ခံတက်ပင် အရိုးစု သူ့ရုပ်သွင် ငါမြင်ပြီ။

ခံတက်ပင် တိတ်ဆိတ်ပြီ။ ခံတက်ပင် ငြိမ်သက်ပြီ။ မတ်လဆန်း မှာ ခံတက်ပင်ဟာ ဗလာထီးထီး သူ့ချည်းသာ ဘာမျှမရှိ။ ခံတက်ပင် သူဟာ ခြောက်သွေ့ ငြိမ်သက် တစ်ခု ခုကို နက်နက်နဲနဲ ဝင်စားနေပုံပဲ။ ခံတက်ပင် သူဟာ မလှုပ်မယှက် ငြိမ်သက်၊ တစ်ခုခုကို အိမ်မက်မက် နေပုံပဲ။ ခံတက်ပင် သူဟာ နွမ်း ဖျော့ငြိမ်သက်၊ တစ်ခုခုကို တိတ် တိတ်ဆိတ်ဆိတ် ရေတွက်နေပုံပဲ။ ခံတက်ပင် ငြိမ်သက်ဆဲ  သူ့အကိုင်း တွေထဲမှာ အသက်ဓာတ် စီးဆင်း နေသံ ငါ ကြားရပြီ။

မတ်လလယ်ကို ရောက်ပေါ့။ခံတက်ပင် အနောက်မြောက်ဘက် ဆန့်ထွက်နေတဲ့ သူ့အကိုင်းတွေ ထက်မှာ ရွက်နုစိမ်းစိမ်း ကလေးတွေ ထွက်ပေါ်လာခဲ့ပြီ။ နွေဦးနေ့ တစ်နေ့ရဲ့ နေ့လယ်ခင်း ခံတက် ပင်ရင်းမှာ ငါ နောက်တစ်ကြိမ် ရောက်သွားမိပြန်တာ။ အသက်ဓာတ် စိမ်းစိမ်း မျှော်လင့်ချက် စိမ်းစိမ်း အိမ်မက် စိမ်းစိမ်း ခံတက်ပင်ဟာ သူ့ တစ်ကိုယ် လုံးကို လိမ်းကျံပြီ။ အရှေ့ ဘက်ဆီ တိုးထွက် နေတဲ့ ကိုင်းတံမှာ ခံတက်ရွက် နုနုလေးတွေ ငါမြင်ရပြီ။ သိပ်ကျက်သရေ ရှိတာပဲကွဲ့။ ခံတက် ပင်ကို ငါပြောမိရဲ့။ သူ့ပင်စည် သူ့ ကိုင်းတံ သူ့သစ်ရွက်တွေမှာ အသက် ဓာတ် စိမ်းစိမ်းဟာ ဆန်းကြယ်စွာ တိုးဝှေ့ ပျံ့နှံ့ခဲ့ပြီ။ ခံတက်ပင်အပေါ် ဘက်ဖြာထွက်နေတဲ့ ကိုင်းတံတွေ ထဲမှာ ရွက်နု စိမ်းစိမ်းကလေးတွေ ထွက်ပြူလာပြီ။ အသက်ဓာတ် စိမ်းစိမ်းဟာ လေမှာတဖျတ်ဖျတ် လှုပ်လို အဝေးက တစ်စုံတစ်ယောက် ရယ်မောသံကို ကြားမိသလိုလို။ အဝေးကလူ တစ်ယောက် လေထဲမှာ တေးတကြော်ကြော် အော်ဆိုနေ သလိုလို။ မိုးသားတိမ်တိုက်တွေ         ဟာ သတင်းစကား တွေကိုဆောင် ယူလာပြီဆို ခံတက်ပင် သူ့ကိုင်း တံတွေကို  ညင်သာစွာ ဝေ့ရမ်းပေါ့။ သူ့ဝမ်းမြောက်မှုဟာ စိမ်းလန်း တဲ့ခံတက်ရွက် နုနုလေးဆီမှာ။ သူ့ကိုယ်ထည်ဟာ ကြည်လင်သော မိုးသား ကောင်းကင် ထဲမှာ။ သူ့ ရှင်သန်ခြင်းဟာ မြေသားပြင် ထက် မှာ ကောင်းစွာ တည်ပြီ။ နေ့ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွား။ ခံတက်ရွက် စိမ်းနုနုလေးတွေ တဖြည်းဖြည်း ရှင်သန်ကြီးထွား စိမ်းလန်းသော  နေ့ရက်များ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here