ဇာတ်လမ်းရိုက်ကူးခွင့် မကျခင် ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းနှင့် ဥက္ကဋ္ဌလူမင်းတို့၏ စကားသံများ

0
226

luwine

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဇာတ်လမ်းရိုက်ကူးခွင့်မကျသေးဘဲ ရုပ်ရှင် ဗီဒီယိုဇာတ်ကားများကို ရိုက်ကူးပါက အရေးယူမယ်လို့ သတ်မှတ်ထားပေမယ့်လည်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဇာတ်လမ်းရိုက်ကူးခွင့်မကျသေးဘဲနဲ့ ရိုက်ကူးခဲ့တဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဒါရိုက်တာဝိုင်းက ပြောပါတယ်။

” မြန်မာ့ရုပ်ရှင်က နှစ်တစ်ရာတိုင်ခဲ့ ပြီ။ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက အခုထက်ထိ ဇာတ်လမ်းတင်ပြီးတော့မှ ရိုက်ကူးရက်ကို ထုတ်ပေးရတာ။ ဒါပေမဲ့အခုက ဇာတ်လမ်းတောင်မကျသေးဘဲနဲ့ ရိုက်ကူးရက်ကို ထုတ်ပေးပြီးရိုက်တယ်ဆိုတော့ ဥက္ကဋ္ဌတစ်ယောက်ရဲ့ မလျော်သြဇာကို သုံးတာလားဆိုတာ မေး ခွန်းထုတ်စရာပါ။ သူက ဥက္ကဋ္ဌဖြစ်တဲ့အတွက် အခွင့်အရေးယူတာလားပေါ့။ ဒီကိစ္စက အခုမှဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၃ လကတည်းက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ရှေ့မှာ တရားဝင် ပြောခဲ့တယ်။ သူကိုယ်တိုင်လည်းအရေးယူပါမယ်ဆိုပြီး ပြောခဲ့တယ်။ သူကိုယ်တိုင်ဖောက်ဖျက်တယ်ဆိုကတည်းက ဒါဟာ အာဏာရှင်စနစ်ကို ပြန်အသက်သွင်းနေတာလားပေါ့။ တာဝန်ရှိသူ တစ်ယောက်က ပိုပြီးစံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ နေပြရမှာ။ ကိုယ်ကိုယ်တိုင်ကစပြီး ဖောက် ဖျက်နေမယ် ဆိုရင် ကျန်တဲ့လူတွေလည်း ဖောက်ဖျက်မှာပဲ။ ဥပမာ ကျွန်တော် တို့လည်း ဇာတ်လမ်းဘယ်တင်နေမလဲ။ အလုပ်ရှုပ်တယ်လေ။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းကို လေးစားရမှာပေါ့” လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးပြီး လူမင်း၊ ဇေရဲထက်၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်နေတဲ့ ကျီးမနိုးရွာ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခွင့်မကျသေးဘဲ ပုပ္ပားမှာရိုက်ကူးနေတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

“ထုတ်လုပ်သူက ဧပြီလထဲက ဇာတ်လမ်းစိစစ်ရေးကို တင်ပြထားခဲ့တာဖြစ်တယ်။ ကိုယ့်ကိုလည်း ဧပြီမတိုင်ခင်ကတည်းက သရုပ်ဆောင်အဖြစ် ကမ်းလှမ်းရိုက်ရက်ယူထားခဲ့တာဖြစ်တယ်။ မေလ ၁၂ ရက်နေ့ ဇာတ်လမ်းစိစစ်ရေးအစည်းအဝေးမှာ ကတည်းက ဒီဇာတ်လမ်းက ခွင့်ပြုချက် (သို့) ပြင်ဆင်ချက်ထွက်ရ မှာဖြစ်ပေမယ့် လူမစုံတဲ့အတွက် နောက်တစ်ပတ်ထပ်ချိန်းပါတယ်။ မေလ၂ဝ ရက်နေ့ သောကြာနေ့အစည်းအဝေးမှာ ထပ်ဆွေးနွေးပါ တယ်။ စနေ၊ တနင်္ဂနွေခံသွားလို့ နောက်တစ်ပတ် အင်္ဂါကျမှ စာထွက်တော့မယ်တဲ့။ ပြဿနာက မေ၂၂ရက်နေ့မှာရှုတင်က ပုပ္ပားမှာ တည်ပြီးနေပြီ။ ဒါမျိုးက ဒို့လောကမှာ ဖြစ်နေကျ။ ဖြေရှင်းခဲ့တဲ့အစဉ် အလာကလည်း ဟိုးအရင်ကတည်းက ရှိပြီး သား။ ရိုက်ရက်အခက်အခဲကြောင့် ရိုက်ကူးခွင့်ပြုပါရန်နဲ့ ထောက် ညွှန်ချက် အတိုင်း လိုက်နာရိုက်ကူးပါ့မည်ဆိုတဲ့ ခံဝန်ချက်နဲ့ ခွင့်ပြုခဲ့တဲ့ သာဓကတွေလည်းရှိခဲ့တယ်။ ခုလည်း ထုတ်လုပ်သူက ခံဝန်ချက်နဲ့ရုပ်ရှင်အစည်းအရုံးမှာ ရိုက်ကူးခွင့်တင်ခဲ့ပြီးမှ ရိုက်နေတာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။

P-060


LEAVE A REPLY

Please enter your comment!
Please enter your name here