တို့တောရွာ

0
222

nmyo

လူကြီးက ဆော်သြလိုက်တယ်။ ရွာသူရွာသားတွေ အားလုံးတစ်ယောက်မကျန် ကိုယ်ရတာ ကိုယ်ရွတ်ပြီး လာခဲ့ကြ မနက်ဖြန်မနက်တဲ့။ ရွာ လူကြီး ဆော်သြလိုက်တဲ့ ကိုယ်ရတာ ကိုယ် ရွတ်ဆိုတာက ဘယ်သူမဆို မိမိရတဲ့ စာသားတစ်ခုခုကို ရွတ်ဆိုပြီးသူကြီး ဆီလာဖို့ ဆင့်ခေါ်တာ ပါပဲ။ ရွာသူ ကြီးကို ရွာ သားတစ်ယောက်က မေးတယ်။ “ကိုယ်ရတာ ကိုယ်ရွတ်ဆိုတော့ သီချင်း စာသားကို ရွတ်ဆိုရင်ရလား”တဲ့။ ရွာသူကြီးက ဖြေတယ် “ရတယ်” တဲ့။ မိန်းမကြီး တစ်ယောက် ကလည်း မေးပြန်တယ်။ “ကျုပ်က ဟိုဒင်းလေ၊ ဘုရားပွဲမှာ ကသွားတဲ့ ဇာတ်အဖွဲ့ထဲက ပြဇာတ်မင်း သားပြောသွားတဲ့ စကားမှတ်မိ တယ်။ အဲဒါရွတ်ရင်ရလား” တဲ့။ ရွာလူကြီးက ဖြေတယ်။ “ရတယ်”တဲ့။ အဲဒီအချိန်ကလေးတစ်ယောက်က “ကျွန်တော်တို့ မူလတန်းဖတ်စာထဲက စာသားတွေရွတ်ရင်ရလား”ဆိုတော့ ရွာလူကြီးက “ရတာပေါ့ ဖိုးခွေးရ”လို့ ပြန်ဖြေတယ်။ အဲဒီအချိန်တစ်ယောက်က ဒီလိုဆိုပြန်တယ်။ “ကျုပ်က ဘာတွေညာတွေ အလွတ်မရဘူး။ ရွာထိပ်ထန်းရည်ဆိုင်ထဲမှာ ရေးထားတဲ့ စာသားပဲ မှတ်မိတယ်၊ အဲဒါရွတ်ရင်ရလား” ဆိုတော့ “ရတယ်”တဲ့။ ရွာလူကြီးက ဆိုပြန်တယ်။ ရွာလူကြီးကို ရွာသားတွေ ဝိုင်းမေးကြတယ်။ “အဲဒါဆို ဘာလုပ်ဖို့လဲတော့” ဆိုတော့ ရွာလူကြီးက “အဲဒါတော့ ငါလည်းမသိဘူး။ ကိုယ့်ရွာအကြောင်း ကိုယ် သိရအောင် ဆိုလားပဲဟ”လို့ ပြောတယ်။ အဲဒီအချိန် တစ်ယောက် ကမေးပြန်တယ်။ “ငါက ရွာဦးဘုန်းကြီးကျောင်းက ကပ္ပိယ ကြီးပြောတဲ့ ယားနာပျောက်ဆေးနည်းကို မှတ်မိနေတယ်။ အဲဒါကောရလား”ဆိုတော့ “ရတာပေါ့ ဘကြီးသာဒင်ရ”လို့ ရွာလူကြီးက ဖြေပြန်တယ်။ “ကျုပ်က ရွာကနေ မြို့ထွက်တဲ့ ကားဂိတ်မှာ ရေးထားတဲ့ စာသားကိုမှတ်မိတယ်။ အဲဒါရသလားဗျာ”။ “ဟ .. ရတာပေါ့ သာဂေါင်ရ”လို့ ရွာလူကြီးက ဖြေတယ်။ တစ်ယောက်က ဆို ပြန်တယ် ” ကျုပ်က ကျုပ်ဖြစ်ချင် တာတွေစိတ်ကူးခဲ့ဖူးတယ်တော့၊ အဲဒါတွေ ရွတ်ရင်ရောရလား”တဲ့။ “ဟဲ့ အေးမိရဲ့ ရတာပေါ့ဟာ”လို့ ရွာလူကြီးက ပြန်ဖြေတယ်။ အဲဒီနေ့က ရွာလူကြီးကို အားလုံးဝိုင်းပြီး မေးခွန်းတွေ ထုတ်ကြ၊ မရှင်းတာတွေ မေးကြနဲ့ တရုန်းရုန်း၊ တအုန်းအုန်းပဲ။ “ဘယ် တော့ရွတ်ပြီး လာရမှာတုန်း”ဆိုတော့ “မနက်ဖြန်မနက်’တဲ့။ ရွာ လူကြီး ရှင်းပြပြန်တယ်။ ပြီးတော့ ရွာလူကြီးက ဆော်သြ လိုက်တယ်။ “ရွာသူရွာသားတွေ အားလုံးတစ်ယောက်မကျန် ကိုယ်ရတာ ကိုယ်ရွတ်ပြီး လာခဲ့ကြ။ မနက်ဖြန်မနက်။ ဘယ်သူမှ အပြစ်မဖြစ်စေရ”တဲ့။ ဒီလိုနဲ့ မိုးစင်စင်လင်းတော့ သူကြီးအိမ်ရှေ့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရောက်လာပြီး ကိုယ်ရတာ ကိုယ်ရွတ်ကြတယ်။

“တ၊ တလင်းဝယ် စပါးနယ်”။ အဲဒီလိုရွာသားကလေး တစ်ယောက် က ရွတ်ဆိုတယ်။ သူကြီးက “အေး ဟုတ်ပြီ သွား၊ နောက်တစ်ယောက်”တဲ့။ “ကိုရင့်ခေါင်းမှာ ဒက်တွေနဲ့ သပိတ် ပြောင်အောင်ဆေး”တဲ့။ “အေး ဟုတ်ပြီသွား၊ နောက် တစ်ယောက်”တဲ့။ “သာလှနဲ့အေးမြ အိမ်ထောင်ကျ ကလေးနှစ်ယောက်ရ”တဲ့။ “အေး ဟုတ်ပြီသွား၊ နောက်တစ်ယောက်” တဲ့။ “တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး၊ တိုတဲ့လျှော်ကတို၊ ရှည်တဲ့လျှော်ကရှည်”၊ “အေး ဟုတ်ပြီသွား၊ နောက် တစ်ယောက်”။ “ကျွန်တော့်ကိုပိုက်ဆံချေးပါ နှစ်ကျပ်ခွဲလောက်”၊ “အေးဟုတ်ပြီ သွား၊ နောက်တစ်ယောက်”၊ “ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ်”၊ “အေး ဟုတ်ပြီသွား နောက်တစ်ယောက်” တဲ့။ “ရေနံချေးနဲ့ဆေးရွက်ကြီး သမအောင်ရော ရေစင်စင်ချိုး အနာကိုလိမ်း”၊ “အေး ဟုတ်ပြီသွား၊ နောက်တစ်ယောက်”တဲ့။ ကိုယ်ရတာကိုယ်ရွတ်ပြီး ပြန်လာတဲ့ရွာသားတွေ အချင်းချင်း အတွေ့အကြုံတွေပြောကြ၊ ဖလှယ်ကြ၊ ရယ်ကြမောကြနဲ့ပေါ့။ သူကြီးရှေ့ တစ်ယောက် ရောက်လာတယ်။ “ငါရိုးမသားကြီး”တဲ့။ သူကြီးက “အေးဟုတ်ပြီ သွား နောက်တစ်ယောက်”။ သူကြီးရှေ့ မိန်းမတစ်ယောက် ရောက်လာတယ်။ “ကျေးဇူးရှင်ကြီးပါတော်”တဲ့။ “အေး ဟုတ်ပြီသွား၊ နောက်တစ်ယောက်”တဲ့။ သူကြီးက ရွာသူရွာ သားတစ်ယောက် ကိုယ်ရတာကိုယ်ရွတ်ပြီး သူဆီရောက်လာ တာကိုပဲ ခေါင်းတညိတ်ညိတ်နဲ့ ကျေနပ်နေပုံလေ။ ရွာသား တစ်ယောက် သူကြီးရှေ့ ရာက်လာပြန်တယ်။

“ချစ်မယ်ဆိုရင် ကျုပ်ကိုချစ်၊ ပစ်မယ်ဆိုရင် သူ့ကိုပစ်” တဲ့။ သူကြီးက “အေး ဟုတ်ပြီသွား၊ နောက်တစ်ယောက်”တဲ့။ ရွာသူ ရွာသားတွေဟာ သူတို့ရတာကို သူတို့ရွတ်ဆိုချင်တာကို ရွတ်ဆိုလိုက်ရလို့ ကျေနပ်နေကြဟန်ပါပဲ။ မိန်းကလေးငယ်ကလေး သူကြီးရှေ့ ရောက်လာ ပြန်တယ်။ “ကျွဲနွားများလည်း ရွာသို့ ပြန်လာ ကြပြီ ရှုခင်းသာယာလှပေစွ”။ “အေးဟုတ်ပြီသွား၊ ကဲနောက် တစ်ယောက်”။ သူကြီးရှေ့ ရွာသားတစ်ယောက် ရောက်လာပြန်တယ်။ သူက စောစောစီးစီး ဒယီးဒယိုင်နဲ့ ထန်းရည် တစ်မြူတစ်မတ်၊ အြေ<ွကး မရောင်းပါ။ ပုံ-စံရ”တဲ့။ “အေးဟုတ်ပြီသွား၊ ကဲနောက်တစ်ယောက်” တဲ့။ သူကြီးရှေ့ တစ်ယောက် ရောက်လာပြန်တယ်။ “လယ်တွေအောင် စပါး တွေရ၊ နင်နဲ့ငါနဲ့ မေတ္တာမျှ”တဲ့။ သူကြီးမျက်နှာ မချိုမချဉ် ဖြစ်နေရာက ပြုံးယောင်ယောင် ဖြစ်လာတယ်။ “အေး ဟုတ်ပြီသွား၊ ကဲ နောက်တစ်ယောက်” တဲ့။ သူကြီး ရှေ့ရွာသား တစ်ယောက် ရောက်လာပြန်တယ်။ “ကားထွက်ချိန်မနက် ၆ နာရီ၊ ခေါင်မိုးပေါ် တက်မစီးရ”။ သူကြီးကဆိုတယ်။ “အေးဟုတ်ပြီသွား၊ ကဲနောက်တစ်ယောက်”တဲ့။ “ဧဝံ မေသုတံ ဧကံသ မယံ”

ဒီလိုနဲ့ တစ်ရွာလုံး သူကြီးအိမ်ရှေ့ရောက်လာပြီး ကိုယ်ရ တာ ကိုယ်ရွတ်လိုက်ကြတာ နေထန်းတစ်ဖျား ရောက်တော့ ရွာလုံးကျွတ် ရွတ်ဆိုပြီး စီးသွားကြတယ်။ သူကြီးဟာ ရွာသူ ရွာ သားအားလုံးရဲ့ ရွတ်ဆိုသံကို ကြားရပြီးပြီ။ ရွာသူရွာသားတွေက လည်း ကိုယ်သိတာကိုယ်ရတာကို ရွတ်ဆိုလိုက်ရလို့ ကျေနပ် သွားကြပြီ။ ကဲ မိတ်ဆွေ။ ကျွန်တော်အဲဒီရွာသားပါ။ ရွာကို ခဏပြန်မလို့ ခင်ဗျားလိုက်မလား။ ကောင်းကောင်း ဧည့်ဝတ်ကျေ ပါ့မယ်။ တစ်ခုတော့ရှိတယ်နော်။ ရွာကိုရောက်ရင် ခင်ဗျား သူကြီးအိမ်သွားပြီး ကိုယ်ရတာတစ်ခုခုနဲ့တော့ ရွတ်ဆိုပြရ လိမ့်မယ်။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here