ကုဋေ ရှစ်ဆယ်တန်လမ်းခွဲ

0
120

SawBaYanNyeinတစ်နေ့သ၌ ကျွန်ုပ် စော ဘရန်ငြိမ်း သည် ဆရာကြီး ရွှေဥဒေါင်း ကဲ့သို့ ခပ်ပျင်းပျင်းရှိသည်နှင့် စာဟောင်းဘုတ်အုပ် တစ်အုပ် ကောက်လှန် လိုက်ရာ အောက်ပါအတိုင်း တွေ့ ရတော့၏။

…ရှေးအခါက မြို့ကြီးတစ် မြို့တွင် အလွန်ချမ်းသာသော သူဋ္ဌေး ကြီး တစ်ဦးရှိ၏။ သူဋ္ဌေးကြီးတွင် သား တော် တစ်ယောက်ရှိ သည်။ သားဖြစ်သူမှာ အရွယ် ရောက်လာသည့်တိုင် ဖခင်သူဋ္ဌေး  ၏ အရောင်းအဝယ် လုပ်ငန်းကို လုံးဝ စိတ်ဝင်စားခြင်း မရှိပေ။ သူဋ္ဌေးကြီး ကလည်း သူ့အသက် ထင်ရှားရှိစဉ် သားကလေး အပေါ် တစ်နည်းနည်းအားဖြင့် ဝန်လေး စေမည့် တာဝန်များ ပုံအပ်ထား လိုစိတ် မရှိခဲ့ပေ။

တစ်နေ့သ၌ သူဋ္ဌေးကြီးသည် လောကကို စွန့်ခွာခဲ့လေသည်။ သူဋ္ဌေးကြီး၏ အလုပ်ကိစ္စအားလုံး သူဋ္ဌေးသားလေးပေါ်သို့ အကုန်ပုံကျ သွားတော့၏။

…ဤနေရာအရောက်တွင် ခပ်ပျင်းပျင်း စာဖတ်နေသူ စောဘရန် ငြိမ်းသည် ထိုစာကို ဆက်မဖတ်တော့ ဘဲ “ရပ်” လိုက်သည်။ စိတ်ထဲကလည်း  “ဘယ်ရမလဲ။ ဒီအချိုးမျိုး လာချိုးလို့။ ဘယ်ရမလဲ။ ဒါ ကုဋေရှစ်ဆယ် သူဋ္ဌေးသား ပုံပြင်ကြီးပဲ။ နောက်ဆုံး ဘာမှမတတ် လို့ သူတောင်းစားဖြစ်၊ ခွေးသေသေ၊ ကောင်သေလင်းတကျ ၏တည်းနဲ့ အဆုံးသတ်။ ဘာရမလဲ။ ဒါမျိုးစောဘရန်ငြိမ်း လာလုပ်လို့..” ဤသို့ကြိုတွေးပြီး စောဘရန်ငြိမ်း ထိုစာ ဆက်မဖတ်တော့။

သည်လိုနှင့် နောက်ထပ်တစ်ခါ ဆရာကြီး ရွှေဥဒေါင်းထဲကလို ခပ်ပျင်းပျင်း ရှိလာပြန်သဖြင့် ဖတ် လက်စထိုစာ အကြောင်း စဉ်းစား မိပြန်သည်။ မိမိသည် ထိုစာ ကုဋေ ရှစ်ဆယ်သူဋ္ဌေးသား ပုံပြင် အထင်ဖြင့် ရပ်ခဲ့ခြင်းသာ။ အကယ်၍ ဆက်ဖတ် ပါက ကုဋေရှစ်ဆယ် လမ်းခွဲ ဖြစ်မယ့် ဝါကျအနည်းငယ် မတွေ့နိုင်ပေဘူး လား။ တွေ့ချင်တွေ့နိုင်မည်ပင်။ ထို့ကြောင့် ထိုစာဟောင်းကို ဆက် ဖတ် ရာ အောက်ပါ အတိုင်း တွေ့ရ တော့သည်။

…သူဋ္ဌေးသားသည် မိမိ လက်စမရှိခဲ့သော ဖခင်ကြီး၏ လုပ်ငန်းကို ကြိုးစား၍ ကွပ်ကဲအုပ် ထိန်းသည်။ သို့သော် အရှုံးပေါ်နေ၏။ အရှုံးက နှစ်ကြာလေ ပိုရှုံးလေ ဖြစ်နေသည်။ နောက်ဆုံးတွင် သူဋ္ဌေး ကလေးက သူ့လုပ်ငန်းအရှုံးပေါ်ခြင်း မှာ “ဂြိုဟ်စီးဂြိုဟ်နင်း အတိုက်အခိုက် ရှိနေသောကြောင့် အရှုံးထွက်နေခြင်း ဖြစ်မည်” ဟု  ဆုံးဖြတ်သည်။ ထို့ကြောင့် ဂြိုဟ်စီး ဂြိုဟ်နင်း လွန်ရန် အထက် ဂိုဏ်းသိဒ္ဓိပေါက် ဆရာကြီး တစ်ဦးထံသွား၍ အဆောင်လက်ဖွဲ့ ပေးသနားရန် တောင်းပန်သည်။ ဆရာကြီးကလည်း လက်ဖွဲ့ တစ်ခု ပေး၍ “မောင်ရင် ဒီလက်ဖွဲ့ကို လက်မှာရစ်ပတ်ပြီးသာ အလုပ်လုပ် ပါ။ မင်္ဂလာရှိမယ်။ လာဘ်တိုက်လိမ့် မည်။ ဒီလက်ဖွဲ့ ကို မောင်ရင့်ဆီမှာ တစ်နှစ်(တစ်နှစ်)ပဲထားနိုင်မည်။ တစ်နှစ်သုံးပြီး ဆရာဆီပြန်ပို့ပါ” ဟု မှာလိုက်သည်။

ပထမဦးစွာ သူဋ္ဌေးသားသည် လက်ဖွဲ့ဆောင်၍ အိမ်ကမီးဖိုချောင် သို့ ဝင်စစ်သည်။ မီးဖိုချောင်ထဲတွင် အစေခံများက အိမ်အပြန်တွင် ခိုးယူ ဖို့အတွက် ဂျုံများ၊ ပဲမှုန့်များ “ကဲ့” ထားကြသည်ကို တွေ့ရသည်။ ထို့ နောက် သူ့ဆိုင်သို့ သွားစစ်ရာ ဆိုင် နောက်ဖေးအခန်းတွင် ထားသော ပစ္စည်းများ၊ ပုပ်သိုး ဆွေးမြည့်နေသည် ကို တွေ့ရသည့် အပြင် အလုပ်သမား က ပစ္စည်းခိုးရောင်းသည် ကိုလည်း သူဋ္ဌေးသားတွေ့ရသည်။

ထိုအခါ သူဋ္ဌေးလေးသည် ဤသို့ စဉ်းစားသည်။ “သိဒ္ဓိပေါက် အဆောင်လက်ဖွဲ့တန်ခိုးကြောင့် သွားလေရာတိုင်း မှာ ပျက်စီးရာ ပျက် စီးကြောင်း “ဇစ်မြစ်”ကို သိရပေ သည်။ နောက်တစ်စ တစ်စ တိုးတက် ကြီးပွားဖို့သာ ရှိတော့သည်” ဟု တွေးမိသည်။ သို့သော်အဆောင် လက်ဖွဲ့က ပြန်ပို့ရန် အချိန်စေ့သွား သည်။ တစ်နှစ်ပြည့်သွားပြီဖြစ်သည်။

ထို့ကြောင့် သူဋ္ဌေးသားသည် ဆရာကြီးထံ သွား၍ သူ့လက်ဖွဲ့ အဆောင်ကို အရည်အသွေး ပြင်ဆင် ပြီး သက်တမ်းတစ်နှစ် ထပ်တိုးပေး ရန် ပူဆာတော့၏။ ထိုအခါ ဆရာ ကြီးလုပ်သူက “မင်းနှယ်ကွာ လက်ဖွဲ့ အလကား တောင်းနေပလေ။ အဲဒီ လက်ဖွဲ့ဟာ ဘာမှစွမ်းတာ မဟုတ် ဘူး။ မင်းလက်ဖွဲ့ကို ဖွင့်ကြည့်စမ်း”   လို့ ပြောတဲ့အခါ သူဋ္ဌေးသားက လက်ဖွဲ့ဖွင့်ကြည့်တော့ အောက်ပါ စာကြောင်းကို သာတွေ့ရသည်။
စာက “မည်သည့် လုပ်ငန်း မဆို အောင်မြင် တိုးတက်စေလိုသော် အသေးအဖွဲ ကိစ္စကလေးများအထိ ကိုယ်တိုင် စစ်ဆေးကြည့်ရှုပါ” ဟု တွေ့ရသည်။

တစ်နေ့သ၌ ကျွန်ုပ်စောဘရန် ငြိမ်းသည် ဆရာကြီး ရွှေဥဒေါင်းကဲ့ သို့ ခပ်ပျင်းပျင်း ရှိသည်နှင့် အဆိုပါ စာကိုဖတ်မိရာ မထင်မှတ်ဘဲ “ကုဋေ ရှစ်ဆယ်တန်လမ်းခွဲ”ကို တွေ့လိုက်ရ တော့သည်။

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here