ပေါ်ပြူလာ ဂျာနယ် အတွဲ(၁) အမှတ်(၁) မှ အတွဲ(၁) အမှတ်(၂၅) သို့

0
354

Untitled-1

ပေါ်ပြူလာဂျာနယ် အတွဲ(၁) အမှတ်(၁)ကို ၁၉၉၇ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့တွင် စတင်ထုတ် ဝေနိုင်ခဲ့သည်။ ဦးဆောင်တာဝန်ခံ အယ်ဒီတာအဖြစ် ဆရာအောင် ပြည့်က တာဝန်ယူပြီး အတိုင်ပင်ခံ အယ်ဒီတာအဖြစ် ကျွန်တော် ဆောင်ရွက်သည်။ ဆရာမြသန်းစံက တပ်မတော်တွင် တာဝန်ထမ်းဆောင် ဆဲမို့ ဂျာနယ်စာ မျက်နှာတွင် နာမည် မပါသော်လည်း ညနေတိုင်း ရုံးဆင်း ချိန်တွင် အမှတ်၁၄၅၊ ၃၅ လမ်း (အလယ်) ပေါ်ပြူလာဂျာနယ်တိုက် သို့ လာသည်။ ဆရာပြည့်ရော၊ ဆရာ မြသန်းစံနှင့်ပါ အတူတူအလုပ် လုပ် ခဲ့ရတာ အချိန်ကာလများသည် ကျွန်တော်အတွက် အသိပညာရော၊ အတွေ့အကြုံပါ တန်ဖိုးမဖြတ်နိုင် အောင် ရရှိခဲ့ကြောင်းကို အချိန်တွေ ကြာလာလေလေ ပိုနားလည် ခံစား လေလေဖြစ်သည်။ ဆရာအောင် ပြည့်က “ပြိုမှာလေလားမိုး” ဝတ္ထုနှင့် ” နေရစ်တော့ မြသီလာ” ကဗျာတို့ ဖြင့် ကျွန်တော်အသည်းစွဲ စာရေး ဆရာ ဖြစ်ခဲ့သည့်အပြင်၊ ဆရာ တာဝန်ယူခဲ့သော ” သတင်းဂျာ နယ်” “ရာစုဂျာနယ်” “ချယ်ရီ မဂ္ဂဇင်း” တို့ကြောင့် စာနယ်ဇင်း လောကတွင် ထိပ်ဆုံးအဆင့်တွင်ရှိသော ဝါရင့် အယ်ဒီတာတစ်ယောက်ဖြစ်သည်။ ပန်းချီလည်း ဆွဲနိုင်၊ ရုပ်ရှင်သရုပ် ဆောင် အဖြစ်လည်း လူသိများ၊ မြန်မာစာပြဆရာအနေနှင့်လည်း ထူးချွန်သူမို့ စာပေအနုပညာ ဘက်စုံ တော်သူရှာမှရှား ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်တော်တက္ကသိုလ်တက်နေစဉ်မှာ ပင် သူငယ်ချင်း ကိုလှိုင်မျိုးတို့၊ ကို ကျော်ခင်မြင့် (မောင်ရင့်ကျူး- မြောင်းမြ) တို့နှင့် ပတ်သက်ပြီး ဆရာ အောင်ပြည့်နှင့် ရင်းနှီးခဲ့၏။ လှည်း တန်းရှိ ဆရာ၏ ” ဦးဆောက်ပန်း” စာအုပ်ဆိုင်တွင် အားလပ်ချိန်တိုင်း သွားပြီး ဆရာ၏ လှုပ်ရှားမှု မှန်သမျှ ကို အားကျငေးမောမိရသည်ကပင် အရသာတစ်ခု ဖြစ်ခဲ့၏။ ယခု ဆရာ အောင်ပြည့်နှင့် အတူအလုပ် လုပ်ခွင့် ရတော့ ဂျာနယ်လောကတွင် အစိမ်း သက်သက်ဖြစ်သော ကျွန်တော့်ကို ဒမ်မီချနည်း၊ ဖောင်ကိုင်နည်းက အစ အသေးစိတ် သင်ပေးသည်။ ဒါတွေ ထက် ပို၍ရခဲ့သော ပညာက ဆရာ ၏ လူမှုဆက်ဆံရေး။ စာပေအနုပညာ လောက၊ နိုင်ငံရေးလောက တို့တွင် နှစ်ပေါင်းများစွာ ကျင်လည်နှံ့စပ်ခဲ့သူ ပီပီ ဆရာအောင်ပြည့်ထံ နေ့စဉ် လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစ၊ုံ  အရွယ်ပေါင်းစုံ လာရောက်ကြသည်။ လာသမျှ လူအားလုံးကို ဆရာကရွှန်း ရွှန်းဝေအောင် ပြောဆို၊ ဟာသတွေ ဖောက်၊ ရယ်ရယ်ပြုံးပြုံးနှင့်  ဧည့်ဝတ် ကျေတတ်သည်။ လူတိုင်းလိုလို သူ့ထံ မှ အပျော်ဓာတ်တွေ ကူးကာ ခေါင်း တညိတ်ညိတ်နှင့် သူပြောသမျှ နား ထောင်ပြီး ပြန်သွားကြသူချည်းပင်။ ဆရာအောင်ပြည့် ဒေါသထွက်တာ မျိုး၊ စိတ်တိုတာမျိုး၊ သူသူငါငါကို ဟိန်းဟောက်စေခိုင်းတာမျိုး လုံးဝ မရှိ။ မနက်မိုးလင်းမှ မိုးချုပ်အထိ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးဖြင့်  အလုပ်တွေကို ထောင့်စေ့အောင် လုပ်သွားတာတွေက နမူနာယူစရာ တွေချည့်ပင် ဖြစ်သည်။

ဆရာမြသန်းစံ ထူးချွန်ပုံ ကျ တော့ တစ်မျိုး။ တက္ကသိုလ် ကျောင်း သား ဘဝမှာပင် “ယသော်ဓရာ အလွမ်း” ကဗျာရှည်ဖြင့် ကျော်ကြား လာကာ တေးဂီတ လောကတွင် လူ ကြိုက်များသော သီချင်းများစွာ စပ် ဆိုအောင်မြင်ခဲ့သူ။ အထူးသဖြင့် ထိုအချိန်က ပေါ်လစီသီချင်း ဟု ခေါ်သော ဝါဒဖြန့် သီချင်းမျိုးကိုပင် သူတကာကဲ့သို့ နိုင်ငံရေး စာလုံးတွေ အတုံးလိုက် အတစ်လိုက် မပါဘဲ အနုပညာ အလွန်မြောက်စွာ ထိမိ ရှတသော စကားလုံးများ ရွေးချယ်ပြီး စပ်ဆိုနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ် သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး အကြောင်းပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဖြစ်ဖြစ်၊ မည် သည့် အကြောင်းအရာကို သူစပ်ဆို သည်ဖြစ်စေ လူထုကြားထဲ ကျ၏။ ပေါ်လစီ သီချင်းဆိုလျှင် ဝေးဝေးက ရှောင်ချင်ကြသော လူငယ်များပင် လျှင် ဆရာမြသန်းစံ၏ အကျိုးပြု သီချင်းတွေတော့ ဂီတာနှင့် ဝိုင်းဖွဲ့ ညည်းကြသည်ကို အနယ်နယ်အရပ် ရပ်တွင်တွေ့ရ၏။ သို့သော် ဆရာ မြ သန်းစံ ပိုထူးခြားတာက၊ ငယ်ငယ် ရွယ် ရွယ်နှင့်ရာထူးအထိုက်အလျှောက် ရှိသော မင်ပျိုမင်းလွင်လည်းဖြစ်၊ အလွန် အောင်မြင်သော တေးရေး ဆရာလည်း ဖြစ်နေသော်လည်း တရားဓမ္မကို နှစ်နှစ်ကာကာ၊ လေး လေးနက်နက် လိုက်စား ကျင့်ကြံနေ သူ ဖြစ်ခြင်းပင်။ မာဟာဗောဓိမြိုင် ဆရာတော်၊ ဆရာတော် ဦးဇောတိက တို့၏ တရားများကို သေသေချာချာ နာယူ၊ လက်တွေ့ကျင့်သုံး၊ သူကျင့်ကြံ နားလည်သမျှကို ပြန်လည်ရေးသား ရာတွင် စာဖက်သူများ ဘဝင်ကျ အသိပေါက်အောင် ရေးနိုင်စွမ်းရှိ လွန်းသဖြင့် သူ၏သီချင်း ပရိသတ် နှင့်အပြိုင် ဓမ္မပရိသတ်ကလည်း အခိုင်အမာရှိနေခြင်း ဖြစ်သည်။ ပေါ်ပြူလာဂျာနယ် အမှတ်(၁) မှစ ပြီး “မာနကိုခွဲခြမ်း စိတ်ဖြာလေ့လာ ကြည့်ခြင်း”” နောက်ဆုံးအချိန်မတိုင် မီ” စသဖြင့် ဓမ္မရသဆောင်းပါးများ ဆက်တိုက်ရေးခဲ့ရာ ပေါ်ပြူလာ ဂျာ နယ် အောင်မြင်မှုရရှိခြင်းအကြောင်း အရင်းများတွင် ဆရာမြသန်းစံ၏ အမာခံ ပရိသတ်ကြောင့်လည်း အဓိက ဖြစ်သည်ဆိုသည်ကို ကျွန်တော် ကောင်းစွာ သိပါသည်။

ပုဂံ၏ ကြီးကျယ်ခန်းနားပုံကို “မဟာ” သီချင်းများ စပ်ဆိုပြီး အဆို တော်” ဇော်ဝင်းထွဋ်” က သီချင်းဆို သောအခါ လူငယ်ရော လူကြီးပါ နှစ် ခြိုက်သဘောကျ လွန်းသဖြင့် ဆရာ မြသန်းစံ၏ အကောင်းဆုံး လက်ရာ မွန် ( Master Piece) ဖြစ်ခဲ့၏။ မြန်မာအကြောင်း ကမ္ဘာက ပိုသိစေ ရန် ဆိုသောရည်ရွယ်ချက်ဖြင့် “မဟာ” သီချင်းစာသားများကို အင်္ဂလိပ်ဘာသာပြန်ဆိုရန် ဆရာမြ သန်းစံက ကျွန်တော့်ကို တာဝန်ပေး ခဲ့၏။ ထို့ကြောင့် “Grandeur” အမည်ဖြင့် ဘာသာပြန်လာခဲ့ရာမှ ဆရာမြသန်းစံနှင့် ကျွန်တော် ရင်း နှီးမှု ပိုလာသည်။” ပေါ်ပြူလာ” ဂျာနယ်ထုတ်ဝေသည့်အခါ ဝင် ရောက် လုပ်ကိုင်ရန် ကျွန်တော့်ကို လက်တွဲခေါ်ခဲ့သူများမှာလည်း ဆရာ မြသန်းစံပင် ဖြစ်သည်။ ကျွန်တော် စာနယ်ဇင်းလမ်းကြောင်းပေါ်တွင် ယခုအချိန်ထိ ရပ်တည်နိုင်အောင် လမ်းကြောင်းပေါ် စတင်လာသူ ဖြစ်သည့် ” ဆရာမြသန်းစံ” ၏ ကျေး ဇူးကို ကျွန်တော် မည်သည့်အခါမှ မမေ့ပါ။

ပေါ်ပြူလာ ဂျာနယ်တွင် ပါဝင် ထည့်သွင်းမည့် ကဏ္ဍများကို ဆရာ အောင်ပြည့်၊ ဆရာမြသန်းစံနှင့် ကျွန်တော်တို့က ခေါင်းချင်းဆိုင် အကြိမ်ကြိမ်တိုင်ပင်ကြသည်။ ယနေ့ ထုတ်ဝေနေကြသော စာစောင် မဂ္ဂဇင်း များတွင် ပျောက်ကွယ်လုမတတ် ဖြစ်နေသော ” ခေါင်းကြီး” ကို ပေါ်ပြူလာတွင် မပါမဖြစ် ထည့်ရန်။ ၄င်းကို ” ဆရာအောင်ပြည့်” က ဒိုင်ခံရေးမည်။ ပေါ်ပြူလာဟူသည် ခေတ်ပေါ်ရုပ်ရှင်၊ ဂီတများသာမက၊ “ဘာသာရေးအသိပညာ” ပါ ပေါ်ပြူလာဖြစ်ရန်လိုခြင်းကြောင့် ဘာသာရေးဆောင်းပါးများကို “ဆရာ မြသန်းစံ” က ပင်တိုင်ရေး။ ၁၉၉၇ ခုနှစ်ပိုင်းက ကျွန်တော်ရေးသား လိုက်သော “ဖုန်းရွှေ” စာအုပ်က အုပ်ရေသောင်းချီ ရောင်းနေရသဖြင့်” ပေါ်ပြူလာ ဖုန်းရွှေ အမေးအဖြေ” ကိုလည်း ထည့်ရန်။ ဂျာနယ်တစ်ခု၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံစေရန်၊ နိုင်ငံတကာ သတင်းများကိုလည်း စာမျက်နှာ နှစ်မျက်နှာမျှ ပေးမည် ဖြစ်သဖြင့် ထိုသတင်းကဏ္ဍကိုလည်း ကျွန်တော်ပင် တာဝန်ယူလိုက်သည်။ ဆရာအောင်ပြည့်က တိုက်ထိုင်၊ ဆရာမြသန်းစံက ညနေပိုင်း ရုံး ဆင်းမှလာ။ ထို့ကြောင့် နေ့လယ်ပိုင်း အားလပ်နေသူ ကျွန်တော်က “သတင်းဆောင်းပါး” ( News Features) ကိုပါရေးသည်။ မြန်မာ လက်ရွေးစင် ဘောလုံးသမား သန်း တိုးအောင်၊ တင်မြင့်အောင်၊ ဝင်း အောင်၊ အောင်ကျော်ကျော်တို့ အိမ် သွားသည်။ အင်တာဗျူးလုပ်ပြီး သတင်းဆောင်းပါး ပြန်ရေးသည်။

ဆရာမင်းသိင်္ခ ဂန္ဓာရီ ထွက် သည့် ဖြူးမြို့အလွန်၊ စည်ပင်ရွာ အထိသွားကာ ဂန္ဓာရီခရီးစဉ် သတင်း ကိုရေးသည်။ ဝဏ္ဏကျော်ထင် လေး ထပ်ကွမ်း အကယ်ဒမီ (ဒေါ်)ကြည် ကြည်ဌေးအိမ်သွားသည်။ မြန်မာ့ ရုပ်ရှင် မင်းသမီးများထဲတွင် ပထမ ဆုံး မာစီးဒီးကား ဝယ်စီးနိုင်သူ၊ ဧရာမနှစ်ထပ်တိုက်ကြီး ပိုင်ရှင်၊ တစ်နေ့ကို ရှုတင်သုံးကြိမ်သုံးကား ခွဲရိုက်ရသူ ရွှေမင်းသမီးကြီး၏ နောက်ဆုံးနေဝင်ချိန်အကြောင်း ရေးခဲ့သည်။ အိမ်မှာ ဘာပရိဘောဂ မှမရှိ။ ဖျာလေးတစ်ချပ်သာ ခင်းထား သည်။ ထမင်းအိုးပင် မရှိ။ ထမင်း တစ်နေ့ နှစ်ဆယ်ဖိုး ဖက်နှင့်ဝယ်။ ကြုံရာ ဟင်းဝယ်စား။ ငွေနှစ်ဆယ် တန် ငါးဆယ်တန်ပင် မခွဲတတ်၊ မရေ တတ်တော့သည့် ဘဝကို ပေါ်ပြူလာ စာမျက်နှာတွင် ချပြနိုင်ခဲ့၏။ ဆောင်းဦးလှိုင်ဆီသွားသည်။ ထို အချိန်က ပေါက်နေသော ” ခရီး သွားငါးယောက်” ဗီစီဒီအကြောင်း ရေးသည်။ ရှိုင်း၊ ညီနန္ဒ၊ ဗျိုက်၊ ဝေဟင်မြင့်အောင်၊ နှင်းဝတ်ရည် သောင်းတို့နှင့် အင်တာဗျူး လုပ် သည်။ ဒါရိုက်တာ ထူးတို့၊ ဗျိုက်တို့ ယခုမရှိကြတော့။ (နှင်းဝတ်ရည် သောင်းရဲ့ ညီမ ပေါက်စီ – အေးဝတ် ရည်သောင်းကတော့ အေးသောင်း အနေနှင့် စူပါ ပေါ်ပြူလာ ဖြစ်နေ ပြီ)။ အသက်၂၅ နှစ်မှာ စာအုပ် ၄၅ အုပ်ရေးခဲ့ပြီး၊ စာအုပ်တိုင်းလိုလို ရုပ်ရှင်၊ ဗီဒီယို ရိုက်ရတဲ့စာအုပ် အရောင်းရဆုံး၊ အငှားရဆုံး၊Top Tenက နံပါတ်တစ် စာရေးဆရာမ လွန်ထားထား (ဆေးတက္ကသိုလ်) နဲ့ တွေ့ဆုံရေးသားခဲ့သော ဆောင်းပါး ကိုလည်း လူဖတ်များခဲ့သည်။” ပေါ်ပြူလာ” မှာကဏ္ဍစုံရေး အတွက် ကာယဗလမယ်ရွေးပွဲများကိုလည်း သွားပြီး ကာယအလှမယ်ဓာတ်ပုံများ ရိုက်ခဲ့၊ အိုလံပစ်မယ် တင်မမမျိုး၊ မယ်ဒဂုံ စန္ဒာချို၊ မယ်မြန်မာ နွယ်နီ ဝင်းတို့အကြောင်းလည်း တင်ပြခဲ့ဖူးပါ သည်။ စာဖတ်ပရိသတ်က အလွှာစုံ၊ အရွယ်စုံ၊ ပညာအခံအခု ရှိသဖြင့် ဂျာနယ်တွင်” ပေါ့ပေါ့ပါးပါး အင်္ဂလိပ် စကား”ဆိုသောအစီအစဉ်ကို ကာတွန်း ဆရာမောင်လင်း (ငွေကြည်)နှင့် တိုင်ပင်ကာ ပေါ်ပြူလာ အမှတ် (၁၃) မှ စပြီး ထည့်ခဲ့သေးသည်။

ရန်ကုန်မြို့ တရုတ်တန်း ဖြစ် သည့် စဉ်းအိုးတန်းနှင့် လမ်း၂ဝ တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ခမ်းနား ကြီးကျယ်လှသည့် ” ရှင်ဥပဂုတ္တ ပူ ဇော်ပွဲ” အကြောင်းကိုလည်း ဓာတ်ပုံ များဖြင့် ဖော်ပြခဲ့သည်။

ဤသို့ဖြင့် ပေါ်ပြူလာ အမှတ် ၂၅ ထိရောက်လာသည်။ “ငဲ့စောင်း ကြည့်ရှုမိသည့် ခရီးတိုတစ်ခု (သို့) ပေါ်ပြူလာ၏ ၂၅အုပ်မြောက် အမှတ် တရ” ဆောင်းပါး ကျွန်တော်ရေးခဲ့ သည်။ ပေါ်ပြူလာ (၁၂) အုပ်မြောက် တွင် ဆရာအောင်ပြည့် အနားယူ၏။ (ယခုတော့ ဆရာအောင်ပြည့်က သူ ချစ်သော စာပေအနုပညာလောက ကြီးမှ ထာဝရအနားယူသွားခဲ့ပေပြီ)။ ဆရာမြသန်းစံက “မိုးထက်ကျော်” အမည်ဖြင့် ဦးစီးကွပ်ကဲ၏။ တကယ် တော့ ပေါ်ပြူလာဂျာနယ် အမှတ်(၁) မှ (၂၅) သည် ကျွန်တော် မြေစမ်း ခရမ်းပျိုးခဲ့ရသော စာနယ်ဇင်း လေ့ ကျင့်ကွင်းဖြစ်၏။ စာနယ်ဇင်းပညာ အခြေခံ ဘာမှမရှိ ဘဲ ” မုဆိုးစိုင်သင်” ခဲ့ရသော ” စာနယ်ဇင်း ပညာဘဝ တက္ကသိုလ်” ၏ ပြဋ္ဌာန်းစာအုပ်ထဲမှ ” အခန်းတစ်” မျှသာပင် ဖြစ်ပါသည်။

ဟိန်းလတ်


LEAVE A REPLY

Please enter your comment!
Please enter your name here