ဖခင်ဖြစ်သူလို လူရွှင်တော်တစ်ဦးအဖြစ် ရပ်တည်သွားမယ့် မေတ္တာမြင့်မြတ်ဟိန်း

0
222

Mater

ဟာသသရုပ်ဆောင် ဦးမေတ္တာရဲ့သားဖြစ်တဲ့ မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ဖြစ်သူလိုပဲ လူရွှင်တော်တစ်ဦး အဖြစ် အနုပညာခရီးလမ်းမှာ  လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပြီး ကျောင်းကပွဲတွေနဲ့ ရပ်ကွက်ေ ပျာ်ပွဲ ရွှင်ပွဲ တွေမှာ လည်း သူ့ရဲ့အနုပညာအရည်အသွေးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်းက ငယ်စဉ်ကသူ့ရဲ့ဖခင်ကို အနုပညာ ရှင်ကြီးတစ်ဦးမှန်းမသိရှိခဲ့ဘဲ အရွယ်ရောက်လာတဲ့အခါမှသာ သူ့ဖခင်ဟာ နိုင်ငံကျော်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီးဖြစ်တယ်ဆိုတာ သိခဲ့ရတယ်လို့ ပြောပြပါတယ်။

“ကျွန်တော်မွေးမွေးချင်းမှာပဲ အဖေက အနုပညာလုပ်ကိုင်ခွင့် ပိတ်ခံရတယ်။ ဒါကြောင့် အဖေဘာ အလုပ်လုပ်မှန်း တော့ မသိခဲ့သေးဘူး။ နောက်ပိုင်းအဖေလည်း အနုပညာအလုပ်တွေပြန်လုပ်ခွင့်ရပြီဆိုတော့မှ သြော်..ငါ့အဖေဟာ အနုပညာရှင်တစ်ယောက်ပါလား ဆိုပြီးတော့မှသိခဲ့ရတယ်။ စိတ်ထဲမှာတအားလည်း ပျော်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ဝါ သနာပါတာကလည်း ဒီအနုပညာ ကိုဝါသနာပါတာလေ။ အဲဒီအတွက် ငါဒီအနုပညာကို လုပ်လို့ရပြီ။ ငါ့ အဖေငါ့ကို  Support လုပ်ပေးမယ်ဆိုတာသိတယ်။ အဲဒီအတွက်ပိုပြီးလည်း ပျော်ခဲ့တယ်”လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။  ပြက်လုံးပိုင်းနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူဦးမေတ္တာက ဆုံးမပဲ့ပြင်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး…

“အဖေက ဘယ်လိုဆုံးမလဲဆိုတော့ ရိုင်းတဲ့ပြက်လုံးတွေဆိုရင် အဖေလုံးဝသဘောမကျဘူး။ ပြီးတော့ သားအမိချင်း နားထောင်လို့ မသင့်တော်တဲ့ ပြက်လုံးဆိုရင် အဖေက မကြိုက်ဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး ကျွန်တော်တို့ မပြက်ဘူး။အဖေ့မူအတိုင်းပဲ သွားတာများတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ ပရိသတ်တွေ ရယ်ရအောင်ပဲ ပြက်တယ်။ အခုနောက်ပိုင်း ကျွန်တော် ပြက်လုံးတွေ ရေးဖြစ်လာ တယ်။ ရေးဖြစ်လာတဲ့အချိန်မှာ ဒီပြက်လုံးက ကောင်းလား၊ လုပ်သင့်လား၊ ကျွန်တော်တော့ ဒီလိုတီထွင်ထားတယ်ဆိုပြီး အဖေနဲ့တိုင်ပင်တယ်။ ကျွန်တော့်အနေနဲ့  ပြက်လုံးတစ်ခုလုပ်ပြီဆိုရင် ဒါမှမဟုတ် တီထွင်မှုတစ်ခု လုပ်ပြီဆိုရင် လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုတာပြန်တွေး တယ်။ ဘာကြောင့်လဲဆိုတော အဖေက ဦးမေတ္တာဖြစ်နေလို့လေ။ ကိုယ်မကောင်းရင် အဖေသွားထိမှာလေ။ အဲဒီအတွက်အားလုံးချိန်ပြီးတော့ သေချာမှုရှိအောင် လုပ် ရပါတယ်” လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။ ဦးမေတ္တာနဲ့ မေတ္တာမြင့်မြတ်ဟိန်းတို့ သားအဖနှစ်ယောက်အနေနဲ့ စင်မြင့်တစ်ခု တည်းမှာ နှစ်ယောက် အတူတူ လူရွှင်တော်အဖြစ် ပြက်လုံးပြက်ကြ တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကလည်း အဖေနဲ့ သားကြားမှာ မသင့်တော်တဲ့ ပြက်လုံးမျိုးတွေ မပြက်ဖြစ်ရ အောင်နဲ့ သားဖြစ်သူ ငရဲကြီးမှာစိုး တာတွေကြောင့်ဖြစ်တယ်လို့ လည်း သိရပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here