ကျွန်တော့်ကို ချစ်တဲ့လူလည်း ရှိသလို မုန်းတဲ့လူလည်း ရှိမှာပါပဲ ငြိမ်းသော်

0
316

_K3A9479

အခု လတ်တလောမှာ ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးနဲ့ တူတယ်ဆိုပြီး  မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစား နေတဲ့ တက်သစ်စ မင်းသားတစ်ဦး ကတော့ ငြိမ်းသော်ပါ။ သူက ဇာတိမြေဖြစ်တဲ့ မုံရွာကနေ ၂ဝ၁၄ခုနှစ်မှာ ရန်ကုန်ရောက် ရှိလာပြီး မော်ဒယ်သင်တန်း တက်ရင်း Mister ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ကာ Mister ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါ တယ်။

“နယ်မှာတုန်းကလည်း အနုပညာကိုဝါသနာပါတယ်။ ဒါပေမဲ့ဘယ်လို စဝင်ရမှန်းမသိဘူး။ မျိုးရိုးလည်း မရှိတဲ့အတွက် မော်ဒယ် သင်တန်းတက် ပြီးတော့မှ မော်ဒယ်အနေနဲ့ပဲ ရပ်တည် သွားတယ်။ နောက်တစ်ဆင့်ကျမှ ဒါရိုက်တာထူးပိုင်ဇော်ဦးက အွန်လိုင်းမှာကြော်ငြာတယ်။ သရုပ်ဆောင်သစ်လိုတယ်ဆိုလို့ သွားလျှောက်ရင်းနဲ့ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ဖြစ်သွားတာပါ။ ကျွန်တော်က အနုပညာနဲ့ ပတ်သက်တာအကုန် လုပ်ချင်တယ်။ သီချင်းလည်း ဆိုချင်တယ်။ သရုပ်ဆောင်လည်း လုပ်ချင်ပါတယ်။ မော်ဒယ်လည်း လုပ်ချင်ပါတယ်။ အားလုံးဆီက အတုယူပါတယ်။ အားလုံးက ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲ။ သူများတွေ ဘယ်လိုအိုက်တင် လုပ်သွားလဲဆိုတာ ကြည့်ပြီး လေ့လာဖြစ်ပါတယ်”လို့ ငြိမ်းသော်က ပြောပါတယ်။

ငြိမ်းသော်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ ‘ညရုပ်ရှင်’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။လတ်တလောမှာ ငြိမ်းသော်ကို ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးနဲ့တူတယ်ဆိုပြီး ပြောကြသလို ဝေဖန်နေကြ တာတွေလည်း ရှိနေပါတယ်။

  “ကိုရီးယားမင်းသားနဲ့ တူတယ် ဆိုတာက သူတို့ကြိုက်တဲ့သူနဲ့ သူ့တို့ကလည်း မြန်မာပြည်မှာ ကိုယ့်ကို အားပေးနေတဲ့ အချိန်ဆိုတော့ သူတို့ စိတ် ထဲမှာ တူသွားလို့ တူတယ်လို့ ပြောကြတာပေါ့။ ကျွန်တော်က ကိုရီးယားစတိုင်ဘက်ကို သွားတာ တော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ ရိုးရှင်းတဲ့ဒီဇိုင်းကို ယူရင်းနဲ့ တူသွားတာပါ။ ဝေဖန်ပါ။ လူဆိုတာက တော့ ဝေဖန်ကြမှာပဲ။ အဆိုးနဲ့အကောင်းပေါ့။ ကျွန်တော့်ကို ချစ်တဲ့လူရှိသလို မုန်းတဲ့လူရှိမှာပဲ။ သူတို့ ဝေဖန်ပေမယ့်လည်း လက်ခံပါတယ်။သူတို့ ကိုလည်း ကျွန်တော် မမုန်းပါဘူး။ သူတို့စိတ်ထဲ ကျွန်တော် ရောက်သွား ရင်ရပါပြီ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- သီဟ


LEAVE A REPLY

Please enter your comment!
Please enter your name here