ဂျော်လီဆွေ ကြောင့် ညီဂျော် ဖြစ်ခဲ့ရတာပါ

0
381

ဟာသ သရုပ်ဆောင် ညီဂျော်က အနုပညာလောကမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ အဖြစ် နာမည်ကြီးလှပါတယ်။ သူဟာ သရုပ်ဆောင် ပီပြင်သလို လူ ရွှင်တော်တစ်ဦး လည်း ဖြစ်တဲ့အတွက် သူ့ပြက်လုံးတွေ နဲ့လည်း ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေခဲ့ပါတယ်။ သရုပ်ဆောင်ကြီး ဂျော်လီဆွေရဲ့ သားတစ်ဦး လည်းဖြစ်တဲ့ ညီဂျော်ဟာ ဖခင်ဖြစ်သူဆီကနေ ဟာသ အနုပညာအမွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်း ကလည်း ဖခင်ဖြစ်သူရဲ့ နာမည်ကြောင့် ဘယ်နေရာသွားသွား အာရုံစိုက်ခံရခြင်းတွေလည်း ရှိခဲ့တယ်လို့ သူကပြောပါတယ်။

“အဖေ့ရဲ့ အနုပညာလွှမ်းမိုးမှုက တောက်လျှောက် ရှိခဲ့ပါတယ်။ ၁ဝတန်းအောင်ပြီး တက္ကသိုလ်တက် တဲ့အချိန်မှာ ကျောင်းကပွဲတွေ ကတော့ အဖေ့ရဲ့ နှစ်ပါးသီချင်းတွေ၊ အဖေပြောခဲ့တဲ့ပုံတိုပတ်စလေးတွေကိုပြန်လည်ပြောရင်းနဲ့ ပရိသတ်တွေက ကျွန်တော့်ကို သိခဲ့ တယ်။ ပြီးတော့ မြန်မာ့အသံမှာ အဖေနဲ့အတူ ဇာတ်လမ်းတိုလေး ရိုက်လိုက်တယ်။ အဲဒီဇာတ်လမ်းမှာ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် လုံးပါတယ်။ ပြီးတော့ “သူငယ်ချင်းမောင်ဘဦး” ဆိုတဲ့ရုပ်ရှင် ဇာတ်ကားမှာ ကျွန်တော်နဲ့ ကိုထူးသာ ညီအကို နှစ်ယောက် ပါတယ်။ညီဂျော်ဖြစ်လာရတဲ့ အကြောင်းအရင်းက လည်းဒီလိုပါ။ ဘဘ ဗိုလ်ကလေးတင့်အောင် တို့ကလည်း “ကျော်ကြားခဲ့သောပြဇာတ် များကို တမ်းတခြင်း” ဆိုပြီးတော့ အရင်တုန်းက ပြဇာတ်တွေ ကိုပြန်ကတယ်။ ငယ်ကျွမ်းဆွေ ပြဇာတ်ပေါ့။ အတူးရယ်၊ အသက်ရယ်၊ စန်းရီရယ် ဆိုပြီးပေါ့။ စန်းရီက ဓာတ်ပုံ ဆရာလေးပေါ့။ အဖေတုန်းကလည်း ဓာတ်ပုံဆရာ စန်းရီနေရာ မှာ သရုပ်ဆောင်ခဲ့တယ်။ အဲဒီပြဇာတ် ကို ပြန်ရိုက်မယ် ဆိုတော့ အတူး နေရာမှာ ကျော်သူ၊ အသက် နေရာမှာ မို့မို့မြင့်အောင်၊ စန်းရီနေရာ မှာ ကျွန်တော် သရုပ်ဆောင် ရတယ်။ အဲဒါလေးက မြန်မာ့ရုပ်မြင် သံကြားကနေ ထုတ်လွှင့် လိုက်တော့ ကျွန်တော့်ကို ပရိသတ်တွေ သိသွားတယ်။ အဖေကလည်း စန်းရီ နဲ့ ဂျော်လီဆွေ ဖြစ်ခဲ့သလို သားညီဂျော်ကလည်း စန်းရီ နဲ့ညီဂျော်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အဖေကြောင့် ညီဂျော်ဖြစ်လာရတာပါ” လို့ အဖေဖြစ်သူဂျော်လီ ဆွေအကြောင်းကို ညီဂျော်ကပြောပြပါတယ်။

အနုပညာ သက်တမ်းတစ်လျှောက် ဖခင်ဖြစ်သူ နဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့တဲ့ အတွက် ဖခင်ဖြစ်သူရဲ့ ပြက်လုံးတွေ၊ အဖေ့ သီချင်းတွေကို သူ့အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့တယ်လို့လည်း သူကဆိုပါတယ်။ ထူးသာနဲ့ ညီဂျော်တို့က ဖခင်ဖြစ်သူရဲ့အနုပညာ အမွေကို ဆက်ခံ ခွင့်ရတဲ့ အတွက်လည်း ပီတိဖြစ်ကြ ရပေမယ့် သူတို့ နှစ် ယောက်ရဲ့သားသမီး တွေက အနုပညာကိုဝါသနာမပါ ကြဘူးလို့လည်း သိရပါတယ်။

“ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်က အဖေ့ရဲ့ အမွေကိုဆက်ခံ ခွင့်ရခဲ့ပါလား ဆိုတာကို အချိန် ကြာ လေလေ ပိုပြီးတော့ အနုပညာကို တန်ဖိုးရှိစွာနဲ့ ရင်ထဲမှာကိန်းအောင်း လာတယ်။ ကိုယ်ကပြန်ပြီး လက်ဆင့်ကမ်းပေးချင်ပြန်ပေမယ့် သားသမီးတွေက ဝါသနာမပါဘူးဖြစ်နေတယ်” လို့ ညီဂျော်က ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here