မြစ်ကြီးနားမြို့မှ ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး

0
855

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော် တပ်မ (၅၆)သည် မြန်မာပြည်စစ်မျက်နှာ ကချင်ပြည်နယ်အတွင်း တာဝန်ကျခဲ့သည်။ ထိုတပ်မတွင် မစ္စတာ မစ်ဆူမီဆာကာဂူချီသည် အမှုထမ်းခဲ့သည်။ ၄င်းသည် ကချင်ပြည်နယ်အတွင်း ကျဆုံးသေဆုံးခဲ့သည့် ဂျပန် စစ်သားများ၊ တိုင်းရင်းသားများအတွက် ရည်စူး၍ ဧရာဝတီမြစ် နံဘေးတွင် ဘုရားတစ်ဆူတည်ရန် ဆန္ဒပြင်းပြခဲ့လေသည်။ ၄င်း၏ ဆန္ဒအရ နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဝန်းသို ဆရာတော် ဘုရားကြီးမှ ဆုတောင်းပြည့်ဘုရားရှေ့ ကွက်လပ်တွင် လျောင်းတော်မူ ဘုရားကြီး တည်ဆောက်လှူဒါန်းရန် ခွင့်ပြုခဲ့သည်။ ဂျပန်စစ်ပြန်ကြီး မစ္စတာမစ်ဆူမီဆာကာဂူချီသည် ၂ဝဝဝ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့ တွင် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပထမအရစ်အလှူငွေ အမေရိကန် ဒေါ်လာ ၅ဝဝဝဝ နှင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒုတိယအရစ် အမေရိကန်ဒေါ်လာ ၆ဝဝဝဝ အား လှူဒါန်းခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဌာနဆိုင်များ၊ ပုဂ္ဂလိက အလှူရှင်များမှလည်း ဆက်လက်ပါဝင်လှူဒါန်းခဲ့သည်။

သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် ဧပြီ ၂၅ ရက်နေ့တွင် အုတ်မြတ် တော်စီ မင်္ဂလာပြုလုပ်ပြီး စတင်တည်ဆောက်ခဲ့ သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပလ္လင်တော်အောင်ပွဲ မင်္ဂလာ ၂ဝဝ၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဌာပနာတော်သွင်းပွဲမင်္ဂလာ၊ နိုဝင်ဘာ ၁၂ ရက်နေ့ တွင် ဗုဒ္ဓဘိသေက အနေကဇာမင်္ဂလာ စသည့်ဖြင့် အဆင့်ဆင့် တည် ဆောက်လှူဒါန်းခဲ့ကြသည်။ လျောင်းတော်မူဘုရားကြီး တည်ဆောက် နေဆဲတွင် စစ်ပြန်ကြီး မစ္စတာမစ်ဆူမီဆာကာဂူချီသည် သဒ္ဓါတရား ထပ်မံပွားများပြီး မျက်နှာကြက်တော်နှင့် တြိဂံပုံလေသာဆောင် ဆောက် လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ ၃၅၅ဝ ထပ်မံ လှူဒါန်းခဲ့ပြန်သည်။ လျောင်းတော်မူ ဘုရားကြီး တည်ထားတော်မူပြီး ရွှေသင်္ကန်းကပ်လှူ ရေစက်ချမင်္ဂလာ အခမ်းအနားကို ၂ဝဝ၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် ပြုလုပ်နိုင်ခဲ့သည်။

လျောင်းတော်မူ ဘုရားကြီးမှာ ဥာဏ်တော် အလျား ၈၅ ပေ၊ ဥာဏ်တော်အမြင့်(ပလ္လင်တော်မှ ရောင်တော်အထိ) ၂၅ ပေရှိသည်။ ပလ္လင်တော် အတိုင်းအတာမှ အလျား ၁ဝဝ ပေ ၉ လက်မ၊ အနံ ၂၄ ပေ ၈ လက်မ၊ အမြင့် ၅ ပေ ၆ လက်မရှိသည်။ ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့တွင် ရွှေသင်္ကန်း စတင်ကပ်လှူပြီး သြဂုတ် ၂၈ ရက်နေ့ တွင် ပြီးစီးခဲ့သည်။ ရွှေဆိုင်းပေါင်း ၁ဝ၉၅ ဆိုင်း တန်ဖိုးငွေ ၁၈၄ ဒသမ ၈ သိန်းကျော် ကုန်ကျခဲ့သည်။ ဘုရားကြီးအား မန္တလေးမြို့နေ ဗိသုကာ ပညာရှင် ဦးတင်အောင် (မြန်မာ့ရိုးရာ ပန်းတော့ရုပ်တု)မှ တည်ဆောက် ပေးခဲ့ခြင်း ဖြစ်သည်။ သို့ပါ၍ မြစ်ကြီးနားသို့ ရောက်ရှိပါက ဧရာဝတီ မြစ်ကမ်းနံဘေးတွင်ရှိသည့် ကြည်ညိုဖွယ်ရာ ဆုတောင်းပြည့် လျောင်း တော်မူ ဘုရားကြီးအား ဖူးမြော် ကြည်ညိုနိုင်ရန်တင်ပြလိုက်ရလေသည်။

နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here