မင်းမော်ကွန်းက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး ) ရိုက်ကူးပုံဖော်ထားတဲ့ “ငါကဗိုလ်အောင်ဒင်” ဟာသရုပ်ရှင်ဇာတ်ကားမှာ ဖေချစ်ဆိုတဲ့ လူငယ်တစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ထပ်လည်း မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ မင်းမော်ကွန်းက အဖြည်လုံးဝမပါတဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင်ထားရတာ ဖြစ်ပါတယ်။ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး မင်းမော်ကွန်းက ..
“ကျွန်တော့်ကို ကိုဆာမိက ပြောတယ်။ ကိုကျော်တဲ့ ဗီလိန်လုံးဝ သက်သက်လုပ်မလားတဲ့။ ကျွန်တော့်ဇာတ်လမ်းပေး၊ ကျွန်တော်ဇာတ်လမ်း ဖတ်ကြည့်မယ်ဆိုတော့ ကောင်းတာနဲ့ ကျွန်တော်လည်း လုပ်ဖြစ်သွားတာပါ။ ထူးထူးခြားခြား ဘာမှမရှိပါဘူး။ ကျွန်တော်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ဆိုတော့ ကျွန်တော်ရင်ခုန်တယ်။ အဓိက သရုပ်ဆောင် ဆိုတာ စပြီးတော့ ဇာတ်လမ်းဖတ်လိုက်တာနဲ့ ရင်ခုန်ဖို့ လိုပါတယ်။ ရင်ခုန်ပြီးတော့ စိတ်လှုပ်ရှားမှလည်း အဲဒီဇာတ်ကားက သရုပ်ဆောင်ရတာ ကာရိုက်တာ အရရော အကုန်ကြွတာပေါ့နော်။ အဓိကကတော့ ကျွန်တော် ရင်ခုန်လို့ ရိုက်တာပါ” လို့ပြောပါတယ်။
ဒီ ‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးပြီး မင်းမော်ကွန်း နဲ့အတူ ခန့်စည်သူ၊ နေမျိုးအောင်၊ မင်းသူ၊ ဒိန်းဒေါင်၊ အိချောပို၊ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇင်မာနွယ်
ဓါတ်ပုံ – ဇော်ဝင်းအောင်