မိမိဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့စဉ် သက်တမ်းအတွင်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ကြောင်း ဦးတင်ဦးလေးပြော

0
154

လက်ရှိမြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေး အနေနဲ့ မကြာမီ ကျင်းပတော့မယ့် ဂီတရွေးကောက် ပွဲမှာ ကာလပေါ်အလွှာ (အဆို)ကနေ ဝင်ရောက်အရွေးချယ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဦးတင်ဦးလေး အနေနဲ့ လာမယ့်အမှုဆောင်သစ် သက်တမ်းလက်ထက်မှာ ဘာကြောင့် ပြန်လည် အရွေးချယ်ခံဖြစ်တာလဲ ဆိုတာ ကိုတော့…”လာမယ့် ဂီတအစည်းအရုံးရဲ့ ၄ နှစ်သက်တမ်း အတွက် အန်ကယ်တို့ ဂီတလောကသားတွေရဲ့ ဆန္ဒအရ အန်ကယ် ပြန်အရွေးချယ်ခံမှာပါ။ အရှုံးအမြတ် မထားပါဘူး။ ပါဝင်ဆင်နွှဲလို့မဲရွေးမယ်။ ဘယ်ရာထူးမဆို ကိုယ် ကျတဲ့အခန်းကဏ္ဍကနေ ဂီတလောကသားတွေ အတွက် လုပ်ဆောင်သွားပါမယ်။ အန်ကယ်တို့က ဘယ် အလွှာ၊ ဘယ်အလွှာရယ်မခွဲခြားပါဘူး။ တက်လာတဲ့လူကြီး၊ လူငယ် ဒီသက်တမ်း ၄ နှစ်အတွင်းမှာ လက်တွဲပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်” လို့ ပြောပြပါတယ်။

ဦးတင်ဦးလေးအနေနဲ့ သူဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် လက်ရှိ ဂီတအစည်းအရုံး အမှုဆောင်သက်တမ်းအတွင်း လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်လို့ အခုလိုပြန်လည် ပြောပြပါ တယ်။

“အန်ကယ့် သက်တမ်းမှာ အန်ကယ်နိုင်သလောက် လုပ်ဆောင်ခဲ့တယ်။ အောင်မြင်တာတွေ ရှိသလို၊ မအောင်မြင်တာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး တစ်တိုက်လုံးကို အန်ကယ့်လက်ထက်မှာ ပြန်ရတယ်။ အလကာင်္ကျော်စွာ ဆရာရွှေပြည်အေး ရုပ်တုဖွင့်ပွဲနဲ့ ဖောင် ဒေးရှင်းကိုလည်း အန်ကယ်တို့ သက်တမ်းမှာ အောင်မြင်စွာ လုပ်ခဲ့ ပါတယ်။ အခု လတ်တလောမှာ ဆို ရင်လည်း ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဂီတပွဲတော်မှာလည်း အန်ကယ်တို့ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်တယ်။ အဲဒီရဲ့အရှေ့ပိုင်းမှာဆိုရင်လည်း ရန်ကုန်မြို့မှာ လုပ်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားမှာလည်း အန်ကယ် တို့ပါဝင်တယ်။ နောက်ပြီး ခိုးကူးနဲ့ ပတ်သက်လို့ဆိုရင်လည်း အန်ကယ်တို့သက်တမ်းကုန်ခါနီး ပြီးခဲ့တဲ့ လပိုင်းတုန်းက နေပြည် တော်မှာ ခိုးကူးနဲ့ပတ်သက်လို့ Final သွားပြီးဆွေးနွေးကြတယ်။ အန်ကယ်ထင်ပါတယ်။ အန်ကယ် တို့ သက်တမ်းပြီးလို့ နောက်သက်တမ်းရဲ့ အစလောက်မှာ သတ်သတ်မှတ်မှတ် ထွက်လာလိမ့်မယ် လို့ ယုံကြည်ပါတယ်”လို့ ဦးတင်ဦးလေးကပြောပါတယ်။

ဆက်လက်ပြီး သူကတချို့ ကိစ္စရပ်တွေမှာ ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ်ကိုလည်း…အန်ကယ် လုပ်ဆောင်တာ အောင်မြင်တာတွေ ရှိသလို မအောင်မြင်သေးတာတွေလည်း ရှိတယ်။ ဝေဖန် ကြတယ်။ ဒါပေမဲ့ အန်ကယ်စိတ်မဆိုးပါဘူး။ အလုပ်လုပ်ရင် အပြောခံရမှာပဲ။ အန်ကယ် ကတော့ အတတ်နိုင်ဆုံး အန်ကယ့်သက်တမ်းမှာ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံး လုပ်သွားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here