အနုပညာနဲ့ ပတ်သက်ပြီး အဂ္ဂါမိုးဝင်းရဲ့ဖန်တီးမှုအပေါ် ဟန်ဇာမိုးဝင်း ဘယ်လိုမြင်လဲ

0
259

ဟန်ဇာမိုးဝင်းက သူ့ရဲ့ညီဖြစ်တဲ့ အဂ္ဂါမိုးဝင်းနဲ့ ဇာတ်သဘင်ရဲ့ စင်မြင့် ထက်မှာ အတူဖျော်ဖြေတင်ဆက်ရင်း ညီဖြစ်သူကို အနုပညာလောကထဲ လက်တွဲ ခေါ်ယူနေလျက်ရှိပါတယ်။ နောက်ပိုင်းမှာလည်း ညီဖြစ်သူနဲ့အတူ သူလုပ်ချင်တဲ့ အနုပညာတင်ဆက်မှုလေးတွေကို ပရိသတ်တွေအနေနဲ့လည်း မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း အဂ္ဂါမိုးဝင်းက အစ်ကို ဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့၊ အစ်မဖြစ်သူ တင်ဇာမိုးဝင်းတို့ရဲ့ လက်တွဲခေါ်ယူမှု တွေအပြင် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ကြားမှာ အောင်မြင်မှုတွေရရှိလို့နေပြီလည်းဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းကို ညီဖြစ်သူ အဂ္ဂါမိုးဝင်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အားရကျေနပ်မှုရှိပြီလားလို့ မေးတဲ့ အခါမှာတော့

”သူကအခုမှအစ လမ်းလျှောက် နေတဲ့လူပဲ ရှိသေးတယ်။ ကျွန်တော်က သူ့ကိုပရိုလမ်းထဲကို ဆွဲသွင်းပြီးတော့ သိရမယ်ဆိုပြီး လုပ်လို့မရဘူး။ သူ့အနေ အထားနဲ့ သူ့ရပ်တည်မှုက အံဝင်ခွင်ကျရှိပါတယ်။ သူက နည်းနည်းလေး မာဆတ်ဆတ်လေးပေါ့။ ကျွန်တော်တို့ကြတော့လည်း လူကိုက မာဆတ်ဆတ် မနေတတ်တာ။ သူများကိုတွေ့ရင်ကို ပြုံးပြချင်နေတာ။ ကိုယ်နဲ့လည်း မသိဘူး အဲဒီလူကလေ။ ကိုယ်ကပြုံးပြုံးလေးပဲ နေတတ်တဲ့အကျင့်ပေါ့။ သူကသူနဲ့ မသိရင် သူ့ဘာသာသူအေးဆေးလေးပဲနေတဲ့လူမျိုးလေ။ တစ်ယောက်နဲ့ တစ်ယောက်က ကာရိုက်တာချင်းမတူဘူး။ လောကကြီးမှာ ကျွန်တော်လို လူမျိုးကြီးပဲ ရှိနေလို့လည်း အဆင်မပြေဘူး။ သူလိုလူမျိုးကြီးပဲ ရှိနေလို့လည်း အဆင်မပြေဘူး။ သူ့လို လူမျိုးရော၊ ကျွန်တော့်လိုလူမျိုးရော နှစ်မျိုးစလုံး ရှိနေမှသာ အဆင်ပြေမှာလေ။ အဲဒီတော့ သူလက်ရှိသူရောက်နေတဲ့နေရာလေးနဲ့ သူဖြစ်နေတဲ့ သူ့အပိုင်းလေးတွေနဲ့က အဆင်ပြေပါတယ်။ ကျွန်တော့်ကသူ့ကို ထိန်းကျောင်းပေးလောက်ပဲ ကျွန်တော်လုပ်လို့ရမယ်။ သူ့ရဲ့ပင်ကိုယ်စိတ်ကို
တော့ပြင်ပေးလို့မရဘူး။ ကျွန်တော်နဲ့သူနဲ့က တော်တော်များများတူတယ်။လူရဲ့စိတ်ပဲမတူတာ။ အကြိုက် ကတူတယ်။ ဂီတဆိုတဲ့ခေါင်းစဉ်ကြီးကြိုက်တာချင်းတူတူပဲ။ ပန်းချီဆိုတဲ့ ခေါင်းစဉ်ကြီးကို ကြိုက်တာချင်းတူတူပဲ။ အဲဒီခေါင်းစဉ်အောက်က ခွဲထွက်သွားတဲ့ ခေါင်းစဉ်လေးတွေကို ကြိုက်တာချင်းက မတူတော့တာ” လို့ ပြောပြပါတယ်။ အဂ္ဂါမိုးဝင်းအနေနဲ့ လက်ရှိမှာလည်း အနုပညာနဲ့ပတ်သက်ပြီး တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။ ဒီလို ဆန်းသစ်တီထွင်မှုတွေအပေါ် ဟန်ဇာမိုးဝင်းရဲ့အမြင်ကိုလည်း ဆက်မေးတော့

”ကျွန်တော်ကြိုက်တယ်ဗျ။ ကျွန်တော်နဲ့မတူတဲ့ အိုက်ဒီယာလေးတွေရှိတဲ့အခါ ကျွန်တော် ပိုကြိုက်တယ်။ သူအသစ်အဆန်းလေးတွေ လုပ်တဲ့အခါမျိုးမှာလည်း ကိုယ်သိထားတာမျိုး ဖြစ်နေရင် ကျွန်တော်လည်း ကူညီပေးလို့ရတယ်လေ။ ကိုယ့်ရဲ့ အိုင်ဒီယာလေးတွေကိုလည်း သူ့ကိုပြောပြတယ်။ သူလည်း လက်ခံတယ်ဆိုရင် ရိုက်ကူးတယ်။ ငါပြောသလိုပဲ လုပ်ဆိုတာမျိုး ကျွန်တော်တို့မှာ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က အေးဆေးပဲ” လို့ ပြောပါတယ်။

ညီအစ်ကို၂ယောက်ပေါင်းတင်ဆက်မှုတွေကို နောက်ပိုင်းမှာမြင်တွေ့ရမှာဖြစ်ပြီး တချို့ အကြောင်းအရာတွေကတော့ အသိပေးလို့ရနိုင်ပေမယ့် တချို့အကြောင်းအရာတွေတော့ ပြောပြလို့မရသေးဘူးလို့ဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here